ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Monday, March 28, 2011

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၁၃ နှစ်မြောက်နေ့ ထုတ်ပြန်ချက် (အမှတ် ၀၀၂ / ၀၇)

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၁၃ နှစ်မြောက်နေ့ ထုတ်ပြန်ချက် (အမှတ် ၀၀၂ / ၀၇)

ယနေ့ ဇွန္န၀ါရီလ(၅)ရက်၊ ၂၀၀၇ ခုနေ့သည် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)ကို ဖွဲ့စည်းခဲ့သည့် (၁၃)နှစ်မြောက် ပါတီနေ့ဖြစ်ပါသည်။ ဤနေ့တွင် ပါတီတာ ၀န်ကိုထမ်းဆောင်ယင်း ကျဆုံးသွားခဲ့ကြသော ပါတီခေါင်းဆောင်များ၊ တပ်မှူးများ၊ ရဲဘော်ရဲဘက်များ၊ ပါတီဝင်များ၊ ပါတီမိတ်ဆွေများ၊ ထောက်ခံပံ့ပိုးကာကွယ်ပေးခဲ့ ကြသော မျိုးချစ်ပြည်ချစ်ပြည်သူများအားလုံးအား အထူးအောက်မေ့သတိရလျှက် ရဲဘော်တို့ လက်ဆင့်ကမ်းထားခဲ့သော တိုင်းပြည်တာဝန်ကို ပါတီနှင့်ပြည်သူအပေါ် သစ္စာတ ရား ခိုင်မာစွာဖြင့် ဆက်လက်တာဝန်ယူ တိုက်ပွဲဝင်ယင်း ကျွန်ုပ်တို့သည် အမြင့်မားဆုံး ဂုဏ်ပြုခြင်းနှင့်အတူ လှိုက်လှဲစွာ အလေးပြုပါသည်။

ဤနေ့ရက်တွင် ကျွန်ုပ်တို့သည် NUPA ဖြစ်စဉ်ကို အကျဉ်းချုပ်တင်ပြလိုပါသည်။ နိုင်ငံ့လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တန်းတူရေးနှင့် လူမျိုးစုံချစ်ကြည်သွေးစည်းရေး တို့ကို ရှေ့ရှုလျှက် တိုက်ပွဲဝင်ခဲ့ကြသော ရခိုင်ပြည်အမျိုးသားတော်လှန်ရေးပါတီများ ဖြစ်ကြသည့် -
(၁) ဦးမောင်စိန်ညွန့် ဦးဆောင်သည့် ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ANLP-၁၉၆၀)၊
(၂) ဦးရွှေသာ ဦးဆောင်သော ရခိုင်ပြည်ကွန်မြူနစ်ပါတီ (CPA-၁၉၇၂)၊
(၃) (ဦးကျော်လှိုင် ဦးဆောင်သော ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (AIO-၁၉၇၀)နှင့် ဦးခိုင်ရဲခိုင် ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP-၁၉၇၃)တို့ ပူးပေါင်းလိုက် သော) ဦးကျော်လှိုင်ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP-၁၉၈၈-၉၁)၊
(၄) ဦးပဒီးဖြူ ဦးဆောင်သော လူမျိုးစုတိုင်းရင်းသားများပါတီ (TNP-၁၉၈၅)နှင့်
(၅) ရခိုင်ပြည်အမျိုးသားဒီမိုကရေစီအင်အားစု (NDFA-၁၉၈၈)တို့သည်
ခရစ်သက္ကရာဇ် ၁၉၉၈ ခု၊ စက်တင်္ဘာလ (၅)ရက်နေ့တွင် တညီတညွတ်တည်း `ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)´ကို တည်ဆောက်ခဲ့ကြသည်။ ယင်းမှတဆင့် ပါတီဂိုဏ်းဂဏအစွဲများကို ဖျက်သိမ်းရန် `တပ်ဦးမှတပါတီသို့´ ဦးတည်ချက်ဖြင့် ချီတက်ခဲ့ကြသည်။

၁၉၉၄ ခု၊ ဇွန္န၀ါရီလ(၅) ရက်နေ့တွင် ALPမှလွဲ၍ ကျန် NUFAအဖွဲ့ဝင်ပါတီများနှင့်အတူ ဦးကြာဖြူအောင်နှင့် ဗိုလ်ရာဇာတို့ ဦးစီးသည့် ရခိုင့်တပ်မတော် (AA-၁၉၉၁)တို့ ပါဝင် သော `ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)´ကို ဆက်လက်တည်ဆောက်ခဲ့ကြသည်။ ၁၉၉၇ ခု၊ မတ်လတွင် ဦးခိုင်မြတ်ကျော်ဦးစီးသော ထိုက်းဖက်ရှိ `ရခိုင်ပြည် ကျောင်းသားနှင့်လူငယ်များကွန်ဂရက်(AASYC)” သည်လည်း အမျိုးသားညီညွတ်ရေးကိုအခြေခံသော NUPAနှင့်ပူးပေါင်းကာ အမျိုးသားရေးတာဝန်ကို တဆင့်တက်ယူလာခဲ့ သည်။

ဤနေရာ၌ ၁၉၉၆-ခု အရှေ့ဖက်မဟာမိတ်များအားတင်ပြခဲ့သော ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၏ နိုင်ငံရေးခံယူချက်၊ ရည်မှန်းချက်၊ ဦးတည်ချက်များကို ရခိုင်ပြည်သူတရပ်လုံးသိရှိနိုင်စေရန် အကျဉ်းချုပ် တင်ပြလိုပါသည်။
• ‘လွတ်လပ်ရေး´မရှိသောအမျိုးသားတရပ်တွင်ဂုဏ်ကျက်သရည်လည်းမရှိ၊ တန်းတူရေးလည်းမရှိ၊
အမျိုးသားဘ၀လုံခြုံရေးနှင့် နိုင်ငံနယ်နမိတ် တည်တံ့ခိုင်မြဲရေးလည်း အာမခံချက်မရှိ။’
• သို့ဖြစ်၍ `လွတ်လပ်ရေး´ ပထမ၊ `လွတ်လပ်ရေး´ ဒုတိယ `လွတ်လပ်ရေး´ တတိယသည် ယနေ့ကျွန်ုပ်တို့၏ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည်။
• အနာဂါတ် နိုင်ငံရေးအတွက် `လွတ်လပ်သောအမျိုးသားများ ဆန္ဒအလျောက် ပူးပေါင်းနေထိုင်ရေး´သည် ကျွန်ုပ်တို့၏ ဆောင်ပုဒ်ဖြစ်သည်။


၂၀၀၃ခု၊ နှစ်လယ်မှစ၍ ကျွန်ုပ်တို့၏ဗဟာဗျူဟာရည်မှန်းချက်မှာ နအဖစစ်အာဏာရှင်စနစ်နှင့် ဗမာကိုလိုနီနယ်ချဲ့စနစ်ဖျက်သိမ်းရေး` ရခိုင်ပြည်သူတို့၏ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အပြည့်အ၀ရရှိရေး´ ဖြစ်သည်။ ဤရည်မှန်းချက်အောင်မြင်ရန် -
(၁) လူမျိုး၊ ဘာသာ၊ ဒေသ မခွဲခြားပဲ ရခိုင်နိုင်ငံသားအားလုံးပါဝင်သည့် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးကို မရမနေတည်ဆောက်သွားမည်။
ဤသည်မှာ ရခိုင်ပြည်အမျိုးသားနိုင်ငံရေး၏ အဓိကအခြေခံ လိုအပ်ချက်မဏ္ဍိုင် ဖြစ်သည်။
(၂) လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးနှင့်ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အာမခံချက်ရှိသော ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတိုက်ပွဲဝင် အဖိနှိပ်
ခံဘ၀တူအမျိုးသားများနှင့်ရော၊ တန်းတူရေးနှင့်လူမျိုးစုံချစ်ကြည်ရေးကို အမှန်တည်ဆောက်လိုသော ဒီမိုကရေစီရေးတိုက်ပွဲဝင် အဖိနှိပ်ခံဗမာပြည်သူများနှင့်ပါ ခိုင်မြဲသော
ညီညွတ်ရေးကို တည်ဆောက်သွားမည်။
(၃) ဤသို့တည်ဆောက်နိုင်ရေးအတွက် ၂၀၀၃ ခု၊ ဇူလှိုင်လ၌ ပါတီဗဟိုခေါင်းဆောင်များနှင့် တပ်မှူးကြီးများ စုံညီအစည်းအဝေးမှ `ရခိုင်ပြည်လွတ်လပ်ရေး´ တောင်းဆို
သံကို `ရခိုင်ပြည်သူတို့၏ ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်အပြည့်အ၀ရရှိရေး´သို့ ပြောင်းလဲခဲ့သည်။

ဤသည်မှာ ၁၉၆၀ ခုနှစ်များမှစ၍ ကမ္ဘာကုလသမဂ္ဂမှ `ကိုလိုနီစနစ်ချုပ်ငြိမ်းသွားပြီ´ဟု ကြေငြာခဲ့သဖြင့် ကျွန်ုပ်တို့ဘ၀သည် ဖုံးကွယ်ခံ`ကျွန်ပုံးကိုလိုနီ(Hidden Colony) ဖြစ် ခဲ့ရပြီး၊ လွတ်လပ်ရေးတိုက်ပွဲသည်လည်း `ခွဲထွက်ရေး´ဟု လွဲမှားစွာ ၀ါဒဖြန့်စွပ်စွဲခံခဲ့ရသည်။ ၁၉၉၀-ခု လွန်လာသောအခါ အရင်းရှင်အင်အားလွန်တခုသာ ကျန်ခဲ့သည့် နောက်ပိုင်း `လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ (ပြည်သူတို့၏) ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့်´ ရရှိရေးသည် နိုင်ငံတကာနိုင်ငံရေးလမ်းစဉ် ဖြစ်လာခဲ့သည်။ ပြည်သူ ၏အဆုံးအဖြတ်ကိုအသိအမှတ်ပြုလေးစားလိုက်နာရမည်မှာ ဒီမိုကရေစီစနစ်၏ အခြေခံအနှစ်သာရဖြစ်သည်။ ကျွန်ုပ်တို့သည် ဤရေစီးကြောင်းထဲတွင် အကျူံးဝင် ရှိနေရမည်။
ညီညွတ်ရေးတည်ဆောက်ရာ၌ တဖွဲ့ကိုတဖွဲ့ ဖိအားပေး/၀ါးမျိုသည့်စနစ်ကို ဆန့်ကျင်သည်။ ဂုဏ်တူရည်တူ အပြန်အလှန်အသိအမှတ်ပြု လေးစားမှုရှိပြီး ဆန္ဒအလျောက် ပူးပေါင်းပါဝင်ရေးကိုသာ လုပ်ဆောင်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့ NUPAသည် ရခိုင်ပြည်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးလမ်းကြောင်းတွင် အဓိကအတားအဆီးများဖြစ်သော ရန်သူ့အလိုကို ဖြည့်ဆည်းနေသည့် လူမျိုးရေး၊ ဘာသာရေး၊ ဂိုဏ်းဂဏရေး၊ အစွမ်းရောက်ဝါဒများအားလုံးကို လုံးဝဆန့်ကျင်ပြီး နိုင်ငံ့အရေး၊ အမျိုးသားအရေး၊ ပြည်သူ့အရေးကို အဓိကအခြေခံသော အမျိုးသားစည်းလုံးညီ ညွတ်ရေးကို တည်ဆောက်နေသည့် နိုင်ငံရေးအခြေပြုအမျိုးသားရေးပါတီ(Secular Nationalist Party) ဖြစ်သည်။ ရခိုင်ပြည်ကိုသစ္စာစောင့်သိသော နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ဒေသ မရွေး ပါဝင်အမှုထမ်းပိုင်ခွင့်ရှိသည့် အမျိုးသားနိုင်ငံရေးပါတီဖြစ်သည်။

အထက်ပါ နိုင်ငံရေးသဘောတရား၊ ညီညွတ်ရေးသဘောတရား၊ အမျိုးသားရေးသဘောတရား ခံယူချက်များအရ ကျွန်ုပ်တို့ NUPAသည်-
(က) ရခိုင်ပြည်တိုင်းရင်းသားလူမျိုးများကိုယ်စားပြုသော TNPပါတီအား ၁၉၈၈-ခု တပ်ဦးကာလမှစ၍ မိမိတို့နှင့်တသားတည်း၊တထပ်တည်းရပ်တည်နေသော အင်အားစုအဖြစ် အပြည့်အ၀ အသိအမှတ်ပြုခံယူခဲ့သည်။
(ခ) ၁၉၉၆-ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ လူ့ဘောင်သစ်ပါတီ(DPNS)၊ ပြည်သူ့လွတ် မြောက်ရေးပါတီ(PLF)တို့နှင့် နိုင်ငံရေး၊ တော်လှန်ရေး၊ စီးပွားရေးစာချုပ်များချုပ်ဆိုကာ မဟာမိတ် တည်ဆောက်ခဲ့ကြသည်။
(ဂ) ၁၉၈၈ ခုနှစ်ကပင်ရခိုင်ပြည်၏ပကတိရုပ်ဘ၀တောင်းဆိုချက်နှင့်အညီNUFAခေါင်းဆောင်များ ချမှတ်ထားခဲ့သော ညီညွတ်ရေးမူကို ဆက်လက်အကောင်အထည်ဖေါ်သည့် အနေဖြင့် ရခိုင်ပြည်ရှိ မူဆလင်လူ့အဖွဲ့အစည်းအတွင်း ညီညွတ်ရေးကိုကိုယ်စားပြုတိုက်ပွဲဝင်နေသော ရခိုင်ပြည်ရိုဟင်ဂျာအမျိုးသားအဖွဲ့(ARNO)နှင့် ၂၀၀၀-ခုနှစ်၊စက်တင်္ဘာ လတွင် ခိုင်မာသောနိုင်ငံရေးမဟာမိတ်ကို တည်ဆောက်ခဲ့ကြသည်။ (ပူးတွဲပါစာချုပ်တွင်ပါဝင်သောသဘောတူညီချက်များအတိုင်းတည်ဆောက်ထားခြင်းဖြစ်သည်။)
(ဃ) ၂၀၀၄ ခု၊ ဇွန္န၀ါရီလတွင် တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ENCကို ပိုမိုထိရောက်သည့် နေရာမှန်ရောက်ရှိရေးကို အလေးထားခဲ့သည်။
(င) ၂၀၀၄ ခု၊ မတ်လတွင် `ရခိုင်ပြည်အမျိုးသားညီလာခံအကြိုညီလာခံ´၌ ရခိုင်ပြည်နိုင်ငံရေးကို ကိုယ်စားပြုနိုင်မည့် `ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)´ ပေါ်လာရေးကို အဟန့်အတားအမျိုးမျိုးကြားမှ မဖြစ်မနေအကောင်အထည်ဖေါ်နိုင်အောင် ကျွန်ုပ်တို့ NUPA အနေဖြင့် ကြိုးစားနိုင်ခဲ့သည်။ ANCဗဟိုမှ NUPAအား အဖွဲ့ဝင်အဆင့်မှ ရပ်စဲထား သည့်တိုင် ANCဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ၂၀၀၆ ခု၊ မတ်လ `ပထမအကြိမ် ရခိုင်အမျိုးသားညီလာခံ´ဟု ခေါ်သောညီလာခံ၌လည်း ANCတည်တံ့ခိုင်မြဲ တိုးတက်ရေးနှင့် ရခိုင်ပြည်နိုင်ငံရေးကို အမှန်ကိုယ်စားပြု ခေါင်းဆောင်နိုင်ရေးအတွက် `ပြည်သူ့အခြေပြု ANC´ ဖြစ်ရေးကို အဓိကတောင်းဆိုခဲ့သည်။ (NUPA)မှတင်သွင်း သည့်စာတွင်ကြည့်ပါ။)

ယခုလည်း ဂိုဏ်းဂဏနှင့် လူမျိုးရေးအစွမ်းရောက်များကြောင့် ANC အခက်အခဲကြုံနေချိန်တွင် ကျွန်ုပ်တို့ NUPA အနေဖြင့် ANC အပေါ် စိတ်စေတနာမှန်သော တာဝန်ရှိပုဂ္ဂိုလ် များနှင့် အခိုင်အမာလက်တွဲကာ ANCကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တတ်နိုင်သည့်ဖက်မှ ကြိုးစားနေသည်။ ဆက်လက်၍လည်း တက်ကြွစွာကြိုးစားသွားမည် ဖြစ်ကြောင်း အလေးအနက်တင်ပြယင်း၊

- လူမျိုး၊ ဘာသာ၊ ဒေသမခွဲခြားပဲ ရခိုင်ပြည်အပေါ်မှာ အမှန်သစ္စာရှိသော ရခိုင့်နိုင်ငံသားတိုင်း သွေးစည်းညီညွတ်ကြ၊
- ရခိုင်ပြည်အမျိုးသားညီညွတ်ရေးကို နအဖအကြိုက် အဓိကဖြိုခွဲဖျက်ဆီးနေသော ဂိုဏ်းဂဏနှင့် လူမျိုးရေး၊ ဘာသာရေး အစွမ်းရောက်ဝါဒကို လုံးဝဆန့်ကျင်ပြီး၊ လူမျိုးစုံချစ်ကြည်ရေး၊ တရားမျှတရေး၊ သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကြ၊
- လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တန်းတူးရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးပိုင်ခွင့် ရရှိရေးအတွက် အဖိနှိပ်ခံဗမာပြည်သူများ အပါအ၀င် ဘ၀တူအဖိနှိပ်ခံ အမျိုးသားများအားလုံးနှင့် သွေးစည်းခိုင်မာစွာ ရပ်တည်ပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ကြ။

ညီညွတ်ရေးမှ အောင်ပွဲသို့ -

စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)
ရခိုင်ပြည်။ ဇွန္န၀ါရီလ (၅)ရက်၊ ၂၀၀၇ ခု။

No comments:

Post a Comment