ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Thursday, September 8, 2011

တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇၀၀ ကျော်သိမ်းခံရ


တရုတ်-မြန်မာ ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေ ဧက ၇၀၀ ကျော်သိမ်းခံရ
by Yangon PressInternational on Tuesday, September 6, 2011 at 9:01pm

တရုတ်ပြည်သို့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ သွယ်တန်းပို့ဆောင်ရန် တည်ဆောက်နေသည့် ပိုက်လိုင်း စီမံကိန်းကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံများ၏ လယ်ယာမြေဧက ၇၀၀ ၀န်းကျင် အသိမ်းခံထားရကြောင်း ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ ပြောဆို လိုက်သည်။

အဆိုပါစီမံချက်ကြောင့် ကျောက်ဖြူမြို့အနီးရှိ မဒေးကျွှန်းတွင် စစ်တပ်နှင့် ကုမ္ပဏီများက လယ်မြေဧက၅၀၀ ၀န်းကျင်နှင့် ကျောက်ဖြူအနီးတ၀ိုက်တွင် ဧက၂၀၀၀န်းကျင် စုစုပေါင်း လယ်ယာမြေဧက၇၀၀ ၀န်းကျင်ခန့် သိမ်းထားသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ရွှေဂက်စ်လှုပ်ရှားမှု က လယ်ယာမြေ အသိမ်းခံထားရသည့် စာရင်းများကို ဒေသခံများ ပြည်တွင်းမှ လှုပ်ရှားနေသည့် အန်ဂျီအို အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ ရွှေဂက်စ် အဖွဲ့ဝင်များနှင့် လယ်ယာ အသိမ်းခံရသည့် လယ်သမားများ၏ တိုင်တန်းစာများမှ စုစည်း ကောက်ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။

လယ်ယာမြေ သိမ်းခံရသည့် အဖြစ်အပျက်များတွင် လျော်ကြေးရရှိမှု နည်းပါးသည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“ ကုမ္ပဏီကသိမ်းတာရောအစိုးရသိမ်းတာရော ထိုက်တန်တဲ့လျော်ကြေးမရကြဘူး၊ တကယ့်ပေါက်ဈေးရဲ့ ဆယ်ရာခိုင်နှုန်း လောက်ပဲ လျော်ကြေး ရကြတယ် ” ဟုရွှေဂက်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းအောင်ကပြောသည်။

ကုမ္ပဏီများမှ သိမ်းသည့်အခါ ထိုက်တန်သည့် လျော်ကြေးပေးသော်လည်း အာဏာပိုင်ထံမှ တဆင့် ပေးအပ်သည့် အခါ ဒေသခံများ ထိုက်သင့်သလောက် မရရှိကြောင်းလည်း ၎င်းကဆိုသည်။

ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့သည်လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုဓာတ်ငွေ့စီမံကိန်းကို ဆန့်ကျင်ရန်စည်းရုံး လှုပ်ဆော်မှု၊ လူအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရှိစေရန်နှင့် ရေနံသဘာဝဓာတ်ငွေ့ရောင်းချမှုမှရရှိလာသည့် ငွေကြေးအား ပွင့်လင်းမြင်သာစွာ သုံးစွဲရန် စသည့် ကိစ္စရပ်များအပေါ် စည်းရုံးတိုက်တွန်း လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

တရုတ်နိုင်ငံသို့ စွမ်းအင်လိုအပ်ချက်များ ပို့ဆောင်ပေးမည့် အဆိုပါ ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရပိုင် တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း China National Petroleum Coporation (CNPC) က တာဝန်ယူ တည်ဆောက်လျက်ရှိသည်။

ယခုကဲ့သို့ စီမံကိန်း စတင်လုပ်ဆောင်ခြင်း မပြုမီ ၂၀၀၆ ခုနှစ်ကတည်းက စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ၍ သိမ်းထားသည့် လယ်ယာမြေများလည်း ရှိသည်ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

စစ်တပ်မှသိမ်းသည့်အခါ တပ်စခန်းတည်ဆောက်ရန်၊ သေနတ်ပစ်ကွင်းတည်ဆောက်ရန် စသည့် အကြောင်းပြချက်များဖြင့် သိမ်းဆည်းခဲ့ပြီး စီမံကိန်းစတင်သည့် အခါတွင် ကုမ္ပဏီများသို့ ပြန်လည် ရောင်းချခြင်းလည်း ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

ယခုကဲ့သို့စီမံကိန်းတည်ဆောက်ရန် အတွက် လယ်ယာမြေများသိမ်းထားသည့်အပြင် နောက်ထပ် ပိုက်လိုင်းသွယ် တန်းရန်စီမံကိန်းများ အတွက်လည်း လယ်ယာမြေများ ထပ်မံသိမ်းဆည်းမှုများ ရှိကြောင်းနှင့် အဆိုပါစာရင်းများကို ထပ်မံသိရှိရန် ကြိုးစားနေဆဲဖြစ်သည်ဟု ရွှေဂက်စ်အဖွဲ့မှ မဖြိုးဖြိုး က ဆိုသည်။

ပိုက်လိုင်းသည်ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးသို့ ဖြတ်၍မြန်မာ နိုင်ငံမှ သဘာဝဓါတ်ငွေ့နှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကမှရေနံများအား တရုတ်သို့ပို့ဆောင်မည်ဖြစ်သည်။

လက်ရှိတွင် အဆိုပါစီမံကိန်းကြောင့် ဒေသခံများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရင်ဆိုင်နေရပြီး လုပ်သားခေါင်းပုံဖြတ်မှု ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကိုပါ ရင်ဆိုင်နေရကြောင်း ယနေ့ထုတ်ပြန်သည့် ရွှေဂက်စ်လှုပ်ရှားမှု အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။