ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Sunday, June 19, 2011

မဖြေရှင်းနိုင်သေးတဲ့ ကချင်ဒေသ ပဋိပက္ခ

မဖြေရှင်းနိုင်သေးတဲ့ ကချင်ဒေသ ပဋိပက္ခ

ဒီမိုကရေစီရေးရာ

သောကြာ, 17 ဇွန် 2011

By ဦးသန်းလွင်ထွန်း

မန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကေအိုင်အို နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒေသတွင်း နယ်မြေစိုးမိုးမှုတွေကို ပိုပြီးကြိုးပမ်းလာတဲ့ မြန်မာစစ်တပ်ရဲ့  လုပ်ရပ်တွေကြောင့်လို့ ဆိုပါတယ်။ အရှေ့ ဘက်နယ်စပ် တရုတ်ပြည်နယ်နဲ့ စီးပွားရေး မဟာဗျူဟာဆက်ဆံမှုမှာ အဓိကကျလာတဲ့ အဲဒီဒေသအခြေအနေတွေကို ဇင်မယ်မြို့ မှာ အခြေစိုက်ရှိနေတဲ့ ကချင်သတင်းအယ်ဒီတာ ဦးနော်ဒင် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကေအိုင်အို ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသကို ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေရဲ့  အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဦးနော်ဒင် ။ ။ အခုအချိန်အထိ တရုတ်နယ်စပ်ဘက်မှာ လေးနေရာမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နှစ်သောင်းနီးပါး ရောက်လာနေပြီလို့ သိရပါတယ်။ ဆက်ပြီးတော့ ဒုက္ခသည်တွေ ထွက်ပြေးနေဆဲရှိနေတယ်ဆိုတာကို သိရတယ်။ အထူးသဖြင့် မြစ်ကြီးနား-ဗန်မော် အဓိက ကားလမ်းမပတ်ဝန်ကျင်မှာရှိတဲ့ ကျေးရွာက ပြည်သူတွေအများစုက စစ်တပ်ကနေ သူတို့ကို ပေါ်တာဆွဲမှာကို ကြောက်လို့ သူတို့ထွက်ပြေးကြတယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လေးနေရာဆိုတာက ဘယ်လိုနေရာတွေကို ပြောတာလဲ။

ဦးနော်ဒင် ။ ။ လေးနေရာဆိုတာက လိုင်ဇာဌာနချုပ်မှာဆိုရင် သူတို့ရဲ့  တရားဝင်စာရင်းအရဆိုရင် နှစ်ထောင်ကျော်ရှိနေပြီ။ မိုင်ဂျာရားမှာဆိုရင် သုံးရာကျော် ရောက်ရှိနေပြီ။ ဥယာဘုတ်မှာဆိုရင် တရုတ်နယ်စပ်နဲ့နီးတယ် - အဲဒီမှာလည်း အယောက် ၅၀၀ ကျော် ရောက်ရှိနေပြီတော့ ပဂျေ ဘက်မှာဆိုရင် အယောက် လေးထောင်ကျော် ရောက်ရှိနေတယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒုက္ခသည်တွေက မြန်မာနိုင်ငံအတွင်းဘက်ခြမ်းမှာပဲ ရှိနေတာပေါ့။ တရုတ်နိုင်ငံထဲကို ရောက်သွားတဲ့လူ မရှိသေးဘူးပေါ့။ ဒါက ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲကို ဒုက္ခသည် သုံးသောင်းကျော်၊ သုံးသောင်းနီးပါးလောက် ဝင်ပြေးခဲ့ရတယ့် အခြေအနေနဲ့ နှိုင်းစာလိုက်ရင်တော့ နည်းနည်းလေး အခြေအနေ သိပ်မဆိုးသေးဘူးလို့ ပြောနိုင်တဲ့သဘောလား။

ဦးနော်ဒင် ။ ။ အစပိုင်းကတော့ တရုတ်အာဏာပိုင်တွေက သူတို့ကို ဖြတ်သန်းခွင့်၊ နယ်စပ်ကို ဖြတ်ကျော်ခွင့်တွေ လက်မခံဘူး။ ဒါပေမဲ့ အခု ရက်အတွင်းမှာ တရုတ်အာဏာပိုင်တွေက လက်မှတ်ရှိတာဖြစ်ဖြစ်၊ မရှိတာဖြစ်ဖြစ် ဒုက္ခသည်တွေကို ဖြတ်သန်းခွင့် ပေးထားပြီးဆိုတာကို သိရတယ်။ ဒါပေမဲ့ တိတိကျကျ တရုတ်ဘက်အခြမ်းမှာ ဒုက္ခသည်စခန်းဆိုတာ မရှိသေးဘူး။ အဲဒါကြောင့် တော်တော်များများ ဒုက္ခသည်တွေကတော့ နယ်စပ်မှာပဲ ရှိပြီမှ ကိုယ်နည်းကိုယ့်ဟန်နဲ့ပဲ အဲဒီမှာ ခိုလှုံနေတာဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို အခုလိုဖြစ်နေတဲ့ အခြေအနေအရဆိုရင် လတ်တလော နယ်စပ်ဒေသ၊ နယ်ခြားဒေသ ကုန်သွယ်မှုနဲ့ စီးပွားရေးအခြေအနေအရကရော ဘယ်လိုဖြစ်နေပြီလဲ။

ဦးနော်ဒင် ။ ။ လောလောဆယ် အခြေအနေမှာတော့ နယ်စပ်ကုန်သွယ်ရေးတို့၊ စီးပွားရေးအခြေအနေကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး နယ်စပ်စီးပွားရေးလုပ်ငန်းတွေ ရပ်နေတယ်ဆိုတာကို သိရတယ်။ ဘာကြောင့်လဲဆိုရင် နယ်စပ်ကနေပြီး အဓိက ကားလမ်းမနဲ့ ဆက်သွယ်ပြုတဲ့ အဓိက တံတားတွေကို ကေအိုင်အို လွတ်မြောက်ရေးအဖွဲ့တွေက ဗုံးခွဲဖျက်ဆီးတာတွေ အခုအချိန်အထိ လုပ်နေတုန်းဆိုတော့ သွားရေးလာရေး လုပ်ငန်းတွေကတော့ အရင်လိုမလုပ်နိုင်တော့ စီးပွားရေးလုပ်ငန်းတွေကတော့ လောလောဆယ်တော့ မရှိတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလို လတ်တလော စီးပွားရေးအခြေအနေအပြင် ဘာဖြစ်လဲဆိုတော့ စောစောက ကိုနော်ဒင် ပြောခဲ့သလို ဒေသအတွင်းမှာ အသွားအလာအတွက် အရေးပါးတဲ့ တံတားတွေ၊ လမ်းတွေကို စစ်ရေးအရ ရည်မှန်းချက်တွေနဲ့ ဖျက်ဆီးမှုတွေ လုပ်ရပြီဆိုတော့ ဒီဒေသအတွင်းမှာ တကယ်တမ်းကျလို့ရှိရင် ဖွံ့ဖြိုးရေးအတွက် တရုတ်ပြည်ဘက်ကလည်း တော်တော်လေးကို ရင်းနှီမြုပ်နှံမှုတွေ လုပ်နေခဲ့တယ်။ အထူးသဖြင့်တော့ ဒေသတွင်း ဖွံ့ဖြိုးရေးအပြင်ကို တရုတ်ပြည်ဘက်က သူတို့အတွက် အနာဂတ်မှာ စွမ်းအင် လုံလောက်ရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ ရေအားလျှပ်စစ် စီမံကိန်း၊ ရေကာတာ စီမံကိန်း ဆိုတာမျိုးတွေကို အင်နဲ့အားနဲ့ ရင်းနှီးမြုပ်နှံလုပ်နေတယ်ဆိုတော့ အခုလက်ရှိဖြစ်နေတဲ့ မငြိမ်မသက် အခြေအနေတွေက တရုတ်ပြည်အတွက် ဘယ်လောက်အထိ ထိခိုက်သွားနိုင်မလဲ။

ဦးနော်ဒင် ။ ။ တရုတ်ဘက်ကတော့ အဓိက စီးပွားရေးအရကတော့ ထိခိုက်တာကတော့ မြေကြီးလက်ခတ်မလွဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာရှိတဲ့ စီးပွားရေး အားလုံး အသေး၊ အကြီးအားလုံးကတော့ တရုတ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်။ ဆိုတော့ အဓိကတော့ သူက နစ်နာမှာဖြစ်တယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ဗမာပြည်မှာဆိုလို့ရှိရင် နိုင်ငံရေးပြဿနာတွေ၊ အဓိကသော့ချက်ကြတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းမှု မရှိတော့။ အဲဒီလိုမျိုး ပြဿနာတွေက ရှိလာနိုင်တဲ့ အခြေအနေကို သူ့အနေနဲ့ ကြိုတင်မြင်ထားပုံတော့ရတယ်။ အခုအချိန်အထိလည်း ကချင်ပြည်နယ်မှာ ဆိုရင် ရေကာတာလုပ်ငန်းတွေ အတော်များများမှာ တရုတ်ပြည်ကပဲ အဓိက ရင်းနှီးမြုပ်နှံထားတာဖြစ်တယ်။ အခုအချိန်အထိလည်း တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်နေတဲ့ စမ်ခန် တာပိုင် ရေအားလျှပ်စစ် စီမံကိန်းမှာဆိုရင် အဲဒီမှာ တကယ်ပဲ ရေအားလျှပ်စစ်ကိုပဲ ကေအိုင်အေအနေနဲ့ ဖျက်ဆီးမှုမလုပ်ဘူး။ ဒါပေမဲ့လည်း လျှပ်စစ်မီးကို သွယ်ပေးထားတဲ့ ကြိုးတို့၊ ဓါတ်တိုင်တို့ကို ကေအိုင်အေအနေနဲ့ ဖျက်ဆီးမှုကိုလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါကတော့ သူတို့အနေနဲ့ စစ်ရေးအရလုပ်ခြင်းဖြစ်တယ်။ စက်ရုံတို့၊ ရေကာတာတို့ကိုတော့ ဖျက်ဆီးမှုတွေ မလုပ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ တခုမေးချင်တာက တရုတ်ပြည်အနေနဲ့ သူတို့ရဲ့  အနာဂတ် လောင်စာစွမ်းအင် ဖြည့်ဆည်းရေး၊ လုံလောက်ရေးအတွက် ရေရှည်စီမံချက်တွေ၊ မဟာဗျူဟာတွေ ချပြီးတော့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတာပါ။ အထူးသဖြင့် ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဒီ စီမံကိန်းအတွက်ဆိုပြီး ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ စုစုပေါင်း ရေကာတာ (၄၀) လောက် ဆောက်လုပ်ဖို့ သူတို့ စီမံကိန်းတွေ ချထားပါတယ်။ အလားတူပဲ ဒီဘက် ဘင်္ဂလာပင်လယ်အော်ဘက်နေက ထွက်တဲ့ ဓါတ်ငွေ့တွေကို ဝယ်ယူဖို့ ရွှေဂက်စ်ဒေသက ဓါတ်ငွေ့တွေကို ယူဖို့ဆိုပြီး ပိုက်လိုင်းတွေလည်း ဒီဘက် ရွှေလီဘက်အထိ ယူနန်ပြည်နယ်ထဲအထိ ဖောက်ဖို့ စီမံကိန်းတွေ ချနေပါပြီ။ အဲဒီတော့ ဒီ စီမံကိန်းတွေချဖို့အရေးမှာ ကချင်ပြည်နယ်ထဲမှာကျတော့ ရေကာတာ ဖောက်တဲ့ကိစ္စတွေ၊ ရေကာတာ တည်ဆောက်တဲ့ကိစ္စတွေကို လူထုကို မတိုင်ပင်ဘဲနဲ့ မြန်မာပြည် နေပြည်တော်အစိုးရကနေ တဖတ်သတ်လုပ်ဆောင်တဲ့အတွက် မကျေနပ်မှုတွေရှိနေတယ်၊ ကန့်ကွက်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်တွေကို တရုတ်တွေအနေနဲ့ ရိပ်စားမိလောက်ပါတယ်။ အဲဒီတော့ ဒီဒေသအတွင်းမှာ သူတို့လိုချင်တဲ့ကိစ္စတွေ ပြေလည်သွားစေဖို့အတွက်ဆိုလို့ရှိရင် နေပြည်တော်ကနေ ချုပ်ကိုင်မှု လုံးလုံးလျားလျား ရောက်သွားလို့ရှိရင် တရုတ်အတွက် အဆင်မပြေနိုင်ဘူးလား။ အဲဒီအတွက် တရုတ်ပြည်ကနေ အခု မြန်မာစစ်တပ်ကနေ ဒေသအတွင်း စစ်တပ်ရဲ့  ချုပ်ကိုင်မှုတွေရဖို့အတွက် လုပ်ဆောင်နေတာကို တစုံတရာ တားမြစ်ခြင်း မရှိသေးဘဲနဲ့ ကြည့်နေတယ်ဆိုတဲ့ သဘောလား။

ဦးနော်ဒင် ။ ။ တရုတ်ကနေ အိမ်နီးချင်း မြန်မာပြည် နိုင်ငံရေး မတည်မငြိမ် ဖြစ်တာကိုလည်း သူက လက်ခံတယ်။ ဒါပေမဲ့ သူက နိုင်ငံရေးထက် စီးပွားရေးကိုပဲ အဓိကထားပြီးတော့ အဲဒီ ပေါ်လစီနဲ့ပဲ ဆက်သွယ်နေရတယ်။ ပူးပေါင်းနေရတာဖြစ်တယ်။ အဓိကဖြစ်တယ့် အခုနပြောတဲ့ ကချင်ပြည်နယ် လျှပ်စစ် စီမံကိန်းတွေအားလုံးကတော့ မြန်မာအစိုးရနဲ့ပဲ အဓိက တိုက်ရိုက်ဆက်သွယ်ပြီးမှ သူကလုပ်တာဖြစ်တယ်။ တဖတ်က ကေအိုင်အို ကို အဲဒီလိုမျိုး ဆက်သွယ်ပြီးမှ လုပ်တာမဟုတ်ဘူး။ အဲဒါမျိုးလုပ်တာကလည်း ကျနော်တို့ သိသလောက်ဆိုရင် အစိုးရကနေ တရုတ်ကို အဲဒီလိုမျိုး ကမ်းလှမ်းထားတယ်။ အဲဒီလိုမျိုး ပုံစံနဲ့ပဲ သူနဲ့ပဲ တိုက်ရိုက်လုပ်ဖို့အတွက်၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ မလုပ်ဘဲနဲ့ အစိုးရ-အစိုးရအချင်းချင်းပဲ အဲဒီလိုမျိုးလုပ်ဖို့အတွက် မြန်မာဘက်က အဲဒီလိုမျိုး သဘောထားရှိတဲ့အတွက်ကြောင့် သူကအဲဒီလိုမျိုး လုပ်တာဖြစ်တယ်ဆိုတဲ့ အပိုင်းတွေလည်း ရှိခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ရေရှည် မဟာဗျူဟာကိစ္စမှာ တရုတ်နိုင်ငံအနေနဲ့ ကေအိုင်အိုအဖွဲ့ကို ဆူးညှောင့်ခလုတ်အဖြစ် ရှုမြင်လာတယ်ဆိုတဲ့ သဘောကိုပြောချင်တာလား။

ဦးနော်ဒင် ။ ။ အဓိကတော့ အဲဒီလိုမျိုး ဖြစ်လာအောင်ဖန်တီး ပေးတာကတော့ မြန်မာအစိုးရဖြစ်တယ်။ သူကတော့ အဲဒီလိုမျိုးပုံစံ။ အဲဒါကြောင့်မို့ အဲဒီလိုမျိုး ပုံစံနဲ့ ဖန်တီးလာပြီမှ အဲဒီလို စီမံကိန်းလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို - အဲဒါကို ဆန်ကျင်တယ်။ အဲဒီလိုမျိုးပုံစံနဲ့ နိုင်ငံတကာကို မြင်စေပြီမှ တဖတ်က စီမံကိန်းချလိုက်တာနဲ့ အထူးသဖြင့် ကေအိုင်အို ထိန်းချုပ်တဲ့နယ်မြေတွေမှာ အတော်များပါတယ်။ အဲဒီဒေသတွေကို သူက စစ်တပ်နဲ့ လုံခြုံရေးခေါင်းစဉ်နဲ့ နေရာယူသွားဖို့ ဖြစ်တယ်။ အဲဒီလို ပုံစံနဲ့ပဲ သူ့ရဲ့  မဟာဗျူဟာ၊ စီးပွားရေးမဟာဗျူဟာနည်းလမ်းအားဖြင့် တဖတ်က စီးပွားရေးအကျိုးလည်းရှိမယ်။ တဘက်က နိုင်ငံရေးအကျိုးလည်းရှိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော်နေတာဖြစ်တယ်။ ပန်းတိုင်ကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ကို အားနည်းအောင်။ လူထုနဲ့ ကင်းကွာအောင်လုပ်တဲ့ မဟာဗျူဟာ ဖြစ်နေတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို သူတို့ ရည်မှန်းထားတဲ့အတိုင်း ကေအိုင်အို အနေနဲ့ ရေရှည်ရပ်တည်နိုင်စွမ်း ရှိပါနိုင်တော့မလား။ ဒီလို ချေမှုန်းခံရမယ့် အနေအထားမှာ ရှိနေလား။

ဦးနော်ဒင် ။ ။ မဟုတ်ပါဘူး။ အဓိကတော့ အခုအချိန်မှာလည်း ကချင်လူထုတွေက ကန့်ကွက်တာကတော့ ရေအားလျှပ်စစ်ဆိုရင်လည်း မြစ်ဆုံ၊ ဧရာဝတီမြစ်ဆုံ ကိုပဲ ကန့်ကွက်တာဖြစ်တယ်။ ကျန်တဲ့ ရေအားလျှပ်စစ်တွေကို ကန့်ကွက်တာတော့ မရှိပါဘူး။ ဒါတွေကတော့ လုပ်လို့ရတယ်။ ဒါပေမဲ့ တဘက်မှာ အခြေခံတွက်ချက်ကြတယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ကတော့ အဓိကဖြစ်တယ်။ အဲဒါကို မလုပ်ဘဲနဲ့ အဲဒီလို စီးပွားရေးလုပ်ငန်းတွေ၊ ရေကာတာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတာကတော့ ဘယ်လိုမှလည်း ထိရောက်မှု ရှိမှာမဟုတ်ဘူး။ နိုင်ငံရေးမပြေလည်ဘူးဆိုရင် ပိုပြီးဒုက္ခရောက်မှာကတော့ လူထုတွေဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအခြေအနေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကေအိုင်အို သဘောထား ထွက်လာတာကတော့ တရုတ်နိုင်ငံအနေနဲ့ ဒီအခြေအနေကို ကြားဝင်ဖြန်ဖြေပေးသင့်တယ်။ တစုံတရာ တားဆီးပေးသင့်တယ်ဆိုတဲ့ ပြောကြားချက်မျိုးလည်း ကြားရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ တရုတ်ဘက်က ကြားဝင်လာမယ့် အခြေအနေရှိလား။ ဘာပြောပေးနိုင်တဲ့ အခြေအနေရှိလဲ။

ဦးနော်ဒင် ။ ။ တရုတ်က လွှမ်းမိုးမှုကတော့ အတော်လေးများမယ်လို့ ကျနော်တို့ကလည်း ယုံကြည်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုအချိန်အထိ ရပ်တည်နိုင်တာက တရုတ်ပြည်က စီးပွါးရေးအရ၊ စစ်ရေးအရ အဓိက ကူညီပေးလို့ဖြစ်တယ်။ တဖတ်မှာလည်း အခုလိုမျိုး နယ်စပ်ပြဿနာတွေ၊ တိုင်းရင်းသားပြဿနာတွေ အားလုံးကတော့ တရုတ်ပြည်ဘက်က စိတ်ကောင်းစေတနာနဲ့ ကြားဝင်ပေးလို့ရှိရင်တော့ မြန်မာပြည်ရဲ့  ပြဿနာတွေက အတော်လေး ဖြေရှင်းနိုင်ဖို့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ အတော်ကြာကြာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေမဖြစ်ဘဲနဲ့ အခုအချိန်အထိလည်း အတော်လေး ထိန်းသိမ်းနိုင်တဲ့ကိစ္စကလည်း တရုတ်ပြည်ဘက်က အဲဒီလိုမျိုး မလုပ်ဖို့အတွက် ဖိအားတွေပေးတယ်။ တဖတ်ကလည်း မြန်မာအစိုးရ လိုအပ်တဲ့ စီးပွားရေးအရ၊ ငွေကြေးအရ တရုတ်ဘက်က နည်းမျိုးစုံနဲ့ သူကို ချော့တဲ့ပုံစံနဲ့ စီးပွားရေးအရ အခွင့်အရေးတွေ၊ အခွင့်ကောင်းတွေ ပေးပြီးမှ နိုင်ငံရေးအရ ချော့တဲ့အပိုင်းတွေ အများကြီးကိုတွေ့ရတယ်။ အဲဒီလိုမျိုး ပုံစံကြောင့် ဒီလိုမျိုး အခြေအနေအထိ ရပ်တည်နိုင်တာကို တွေ့ရတယ်။ အဲဒါကြောင့် တရုတ်ရဲ့  တကယ်ပဲ စိတ်ကောင်းစေတနာနဲ့ ကြားဝင်စေ့စပ်ပေးလို့ရှိရင် တကယ်ပဲ ကောင်းမွန်တဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်တယ်။ နိုင်ငံရေးပြေလည်မှုကို ကြားဝင်စေ့စပ်ပေးမှု မရှိဘဲနဲ့ တဘက်ကို စီးပွားရေးအရ နစ်နာအောင် လုပ်နေမယ်ဆိုရင်တော့ တရုတ်ရဲ့  ကြားဝင်စေ့စပ်ပေးမှုကလည်း မြန်မာပြည်ရဲ့ ပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘူးဆိုတာကတော့ ထင်ရှားပါတယ်။

ရထားလမ်းနဲ့ နယ်ချဲ့ တဲ့နည်း

ရထားလမ်းနဲ့ နယ်ချဲ့ တဲ့နည်း

By ဦးအောင်ခင် & မညိုညိုလွင်

စနေ, 18 ဇွန် 2011

ဦးသိန်းစိန်ရဲ့  တရုတ်ပြည်ခရီးအတွင်း မြန်မာနဲ့ တရုတ်အစိုးရတို့ ရယူခဲ့တဲ့ သဘောတူချက်တွေထဲမှာ ရထားလမ်းတွေ တိုးချဲ့ ဖို့လည်း ပါဝင်ပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းစတဲ့ ကျောက်ဖြူကနေ တရုတ်နယ်စပ် ဂျယ်ခေါင်အထိ ရထားလမ်းဖောက်ဖို့ သဘောတူပြီး မေလကုန်က ရွှေလီမှာ ရထားလမ်းအုတ်မြစ်ချပွဲ ကျင်းပကြောင်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။ ရထားလမ်းဟာ တံတားနဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်သွားရမှာမို့ အလွန်ခက်ခဲမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ permafrost (ခေါ်) အမြဲတမ်း ရေခဲနေတဲ့ မြေအောက်လွှာပေါ်မှာ ရထားလမ်းဆောက်ဖို့ မဖြတ်နိုင်ဘူးလို့ ယူဆနေတဲ့ကြားက တရုတ်အင်ဂျင်နီယာတွေဟာ ကမ္ဘာ့အမြင့်ဆုံး တရုတ်-တိဗက်ရထားလမ်းကို (၅) နှစ်နဲ့ အပြီးတည်ဆောက်နိုင်ခဲ့ပါတယ်။

အခုလည်း ကျောက်ဖြူ၊ အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လာရှိုး၊ မူဆယ် နဲ့ ဂျယ်ခေါင် ကိုဆက်သွယ်မယ့် ရထားလမ်းကို (၃) နှစ်နဲ့အပြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။ ရထားလမ်းဆောက်တဲ့အတွက် အကျိုးအမြတ် ခံစားရသူရှိသလို ဆုံးရှုံးနစ်နာသူတွေလည်း ရှိပါတယ်။ သွားလာရခက်ခဲတဲ့ ဒေသကို ရထားလမ်းဖောက်လုပ်တာဟာ ဗဟိုအစိုးရ အာဏာစက်ချဲ့ ထွင်တာဖြစ်လို့ ဒေသခံလူမျိုးစုရဲ့  ယဉ်ကျေးမှုဓလေ့ ကွယ်ပျောက်သွားတဲ့ သာဓကရှိပါတယ်။ အမေရိကန်နိုင်ငံတည်ထောင်စဉ်က ရထားလမ်းတည်ဆောက်တာကို ဒေသခံလူမျိုးတွေ အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

မက်ဆီကိုမှာလည်း ရထားလမ်းကြောင့် လယ်ယာမြေ ဆုံးရှုံးမှုများလာတဲ့အတွက် တော်လှန်ရေး ဖြစ်ပွားခဲ့ပါတယ်။ ၁၉ ရာစု ဥရောပအရင်းရှင်တွေ စီးပွားရေးနယ်ပယ်ချဲ့ ထွင်ရာမှာ ရထားလမ်းဟာ အဓိကအခန်းက ပါဝင်ပါတယ်။ အိန္ဒိယပြည်ကို နိုင်ငံရေး၊ စီးပွားရေး နဲ့ စစ်ရေးအရ ကိုလိုနီအစိုးရ ရေရှည်ချုပ်ကိုင်နိုင်တာဟာ ရထားလမ်းတွေ တပြည်လုံးမှာ ဖောက်လုပ်နိုင်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မီးရထားလုပ်ငန်းမှာ ငွေရင်းမြုပ်နှံပြီး သဘာဝသယံဇာတ အရင်းအမြစ်ကို ထုတ်ယူတာဟာ ဥရောပအင်ပါရာရဲ့  အသွင်လက္ခဏာတခု ဖြစ်ပါတယ်။ ရထားလမ်းတွေ ဆောက်လုပ်ပြီးစီးသွားတဲ့အခါ ရထားလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံသူတွေသာ အကျိုးခံစားရပါတယ်။ ဒါပေမဲ့ ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ရထားလမ်း တည်ဆောက်ပေးတာလို့ ကိုလိုနီအစိုးရက ဝါဒဖြန့်လေ့ရှိပါတယ်။

စစ်သား၊ စစ်ပစ္စည်း နဲ့ ရိက္ခာအများအပြား ရထားနဲ့ သယ်ယူပို့ဆောင်နိုင်တဲ့အတွက် အုပ်ချုပ်ရေးအာဏာကို အခိုင်အမာတည်ဆောက်နိုင်ပါတယ်။ စက်ခေါင်း၊ ရထားတွဲ၊ သံလမ်း စတာတွေအတွက် ငွေရင်းအများအပြား လိုအပ်ပါတယ်။ ဒီ လိုအပ်တဲ့ ငွေရင်းကို ဥရောပအရင်းရှင်တွေက စိုက်ထိုက်တာကြောင့် အရင်းရှင်နဲ့ ကိုလိုနီးအာဏာပိုင်တို့ အပြန်အလှန် ကူညီရိုင်းပင်းတဲ့အဖြစ်ကို ရောက်သွားပါတယ်။ မြန်မာပြည်မှာလည်း ရထားလမ်းတွေ တိုးချဲ့ ဆောက်လုပ်မှုကြောင့် ဗမာအစိုးရရဲ့  နိုင်ငံရေးအာဏာစက် ကျယ်ပြန့်လာနိုင်သလို တရုတ်လုပ်ငန်းရှင်တွေရဲ့  စီးပွားရေးအရှိန်အဝါလည်း ကြီးမားလာနိုင်ပါတယ်။ စီးပွားရေး အင်ပါယာ တည်ဆောက်ရာမှာ ဒေသခံအင်အားစုတွေရဲ့  အကူအညီလိုပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ လုပ်ငန်းရှင်အရင်းရှင်တွေ အပေးအယူလုပ်ပြီး ဗြိတိသျှအင်ပါယာကို တည်ထောင်ရာမှာ မီးရထားလုပ်ငန်းဟာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။

တရုတ်ပြည် မန်းချူးရီယား (Manchuria) ဒေသမှာ ဂျပန်နယ်ချဲ့ နိုင်အောင် ရထားလမ်းက ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။ Moscow ကနေ Vladivostok အထိ ရထားလမ်းဆောက်ပြီး ရုရှားအင်ပါယာ ထိန်းသိမ်းထားပုံကို ဂျပန်ကအားကျပြီး မန်းချူးရီယား တောင်ပိုင်းကမ်းရိုးတန်းဒေသမှာ ရထားလမ်းတည်ဆောက်ပါတယ်။ ရထားလမ်းပြီးတာနဲ့ ဂျပန်လုပ်ငန်းရှင်တွေ မန်းချူးရီယား ကို ဝင်ရောက်လာပါတယ်။ စီးပွားရေး သွေးကျောဖြစ်တဲ့ ရထားလမ်းကို အားနည်းတဲ့ တရုတ်အစိုးရက မကာကွယ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျပန်စစ်တပ်တွေ မန်းချူးရီယားကို ကျူးကျော်ဝင်ရောက်လာပါတယ်။ နောက်တော့ အပြီးအပိုင် ဂျပန်ကိုလိုနီအဖြစ် သိမ်းပိုက်လိုက်တာ ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့အထိ ဖြစ်ပါတယ်။

ရထားလမ်းဖောက်လို့ အရင်ဆုံး ဒုက္ခရောက်ရသူတွေဟာ ဒေသခံပြည်သူလူထု ဖြစ်ပါတယ်။ ရထားလမ်းအတွက် နေရာဖယ်ပေးရတာကြောင့် ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ လယ်မြေစိုက်ခင်းနဲ့ အိမ်ယာတွေ ဆုံးရှုံးကြရပါတယ်။ အမေရိကန်ပြည်ထောင်စု တည်ဆောက်စဉ်က ရထားလမ်းနဲ့အတူ ဥရောပတိုက်သား အများအပြား ဝင်ရောက်လာတာကို ဒေသခံ တိုင်းရင်းသားတွေက ခုခံတိုက်ခိုက်ရင်းနောက်ဆုံးမှာ ဒေသခံတိုင်းရင်းသား ယဉ်ကျေးမှုဓလေ့ပါ ကွယ်ပျောက်သွားပါတော့တယ်။

စီးပွားရေးနယ်ချဲ့ တွေဘက်က ကြည့်ရင်တော့ ရထားလမ်းတွေကြောင့် သယ်ယူပို့ဆောင်ရေး အင်အားကောင်းလာတဲ့အတွက် ကူးသန်းရောင်းဝယ်မှု တိုးတက်ထွန်းကားလာတယ်လို့ ပြောနိုင်ပါတယ်။ တရုတ်ကုန်ပစ္စည်းကို ကျောက်ဖြူဆိပ်ကမ်းက နိုင်ငံခြားတင်ပို့ပြီး နိုင်ငံခြားပစ္စည်းကို တင်သွင်းနိုင်မှာမို့ တရုတ်အတွက်အများကြီး အကျိုးရှိမယ့် ရထားလမ်းဖြစ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်ကလည်း Cox’s Bazaar ဆိပ်ကမ်းက မြန်မာပြည်နယ်စပ်အထိ ရထားလမ်းဖောက်ပြီး တရုတ်၊ မြန်မာ ရထားလမ်းကြောင်းကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှု နဲ့ ဈေးကွက်ကို ဖွင့်ပေးရာမှာ ရထားလမ်းဟာ အရေးပါအရာရောက်သလို အင်အားကြီးတဲ့ အရင်းရှင်ကို စီးပွားရေးနယ်ချဲ့ ခွင့် ပေးလိုက်သလိုလည်း ဖြစ်နေပါတယ်။

Friday, June 10, 2011

SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓါတုလက်နက်ပါအသုံးပြု

SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓါတုလက်နက်ပါအသုံးပြု

သောကြာနေ့၊ ဇွန်လ 03 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာတပ် တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်ဖြစ်နေရာ မြန်စစ်တပ်ဘက် ဓါတုလက်နက် အသုံးပြုသည်ဟု ယူဆကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ် ကတည်းက စဖြစ်တာတိုက်ပွဲက။ မွန်းတဲ့အချိန်အထိဘဲ။ တန့်ယန်းမြို့ နယ် မိုင်းကောဝ် တိုက်နယ်ရဲ့ တောင်ဘက် ၇ မိုင်လောက်ဝေးတဲ့ သျှမ်းတပ်ကို ဗမာတပ်က တက်တိုက်တာ” - ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။



sspp-ssa

သျှမ်းပြည်တပ်မတော် SSPP/SSA မှ တပ်သားများ

ဂျွန် ၃ ရက် ယနေ့မနက်အစောကြီးမှ စ၍ မြန်မာစစ်တပ်က တန့်ယန်း နှင့် မိုင်းရှူးကြားရှိ သျှမ်းပြည်တပ် မတော် SSPP/SSA ၇ မိုင်စခန်းအား တက်တိုက်ခြင်းဖြစ်ကြောင်း၊ ထိုမတိုင်မီ ဖြတ်သွားဖြတ်လာရာမှ ယခု ပထမ ဆုံး ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲ၌ မြန်မာစစ်တပ်ကဓါတုလက်နက်စတင် အသုံးပြုလာသည် ဟုပြောနိုင်ကြောင်း အမည် မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။

“ဗမာတပ်ဘက် အင်အား ၁၀၀ ကျော်တယ်၊ ဒေသတွင်းလှုပ်ရှားနေတဲ့တပ်တွေဘဲ၊SSPP/SSA တပ်မဟာ ၃၆ က လူအင်အားလဲ ၈၀ ကျော်လောက်ရှိမှာပေါ့။ ဒီစခန်း က SSPP/SSA နယ်မြေရဲ့ တောင်နဲ့မြောက်ကို ဆက် သွယ်ပေးတဲ့ စခန်း၊ အဓိက မဟာဗျူဟာမြောက်နေရာတခုဘဲ။ အဲဒီတိုက်ပွဲမှာ ထူးဆန်းတာက ဗမာတပ်တွေ ဓါတုလက်နက် စ သုံးတယ်။ ဗုံးတလုံးကျလာရင် မျက်ရည်ကျတယ်။ မူးတယ်။အသက်ရှူ ကျပ်တယ်။ ဒီမွန်းလွဲပိုင်း သျှမ်းတပ် ဖက်က ဆုတ်ပေးလိုက်တယ် ” ဟု အဆိုပါ အရာရှိကသျှမ်းသံတော်ဆင့် သို့ပြောပြ၏။

“ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကလဲ ကျနော်တို့ သီပေါ မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်သေးတယ်။တိုက်ပွဲကျ ဗမာတပ်က ဗိုလ်မှူးတဦးရဲ့ အသုဘတောင် သီပေါမှာ လာလုပ်သေးတယ်” - ဟု သီပေါမြို့ခံတဦးကလည်း ပြောပြပါ သည်။

အဆိုပါကိစ္စသည် ပြီးခဲ့သည့် မေလ ၂၆ ရက် ညနေ ၁၆:၃၀ မှ ၁၇:၃၀ အထိ သီပေါမြို့နယ် ဆောင်ကြဲ တိုက်နယ်၊ နောင်တွမ်အုပ်စု နမ့်မော်အက်ကျေးရွာ စိန်ကျော့(ဌာနေပြည်သူ့စစ်) ဌာနချုပ် အနောက်ဖက် ၁၂ မိုင်အနီး၌ မြန်မာစစ်တပ် စကခ ၁ လက်အောက်ခံ ခမယ ၅၀၄ နှင့် သျှမ်းတပ် တပ်မဟာ ၁ လက်အောက်ခံ ၆၄၁ တပ်ရင်း တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်တပ်ဘက် ဗိုလ်မှူးတ ယောက် အပါအဝင် ၁၀ ယောက်ထက် မနည်း သေဆုံးကြောင်း၊ သျှမ်းတပ်ဘက်က နယ်မြေကျွမ်း ကျင် လက်ဦးမှု ရရှိသော ကြောင့် ဒဏ်ရာအနည်းငယ် သာရရှိကြောင်း သီပေါမြို့နယ်ရှိ သျှမ်းအရာရှိတဦးက ပြောပါသည်။

မြန်မာဘူမိပညာရှင်များ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော ထပ်မံတွေ့ရှိဟုဆို

မြန်မာဘူမိပညာရှင်များ ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက်ကြော ထပ်မံတွေ့ရှိဟုဆို

သောကြာနေ့၊ ဇွန်လ 10 ရက် 2011 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ဖားကန့်ဒေသတွင် ကျောက်စိမ်း ကုဋေကျောက် ကြော တစ်ခုကို မြန်မာဘူမိဗေဒလုပ်ငန်းမှထပ်မံ တွေ့ရှိခဲ့ ကြောင်းပြည်တွင်းဂျာနယ်များမှဖော်ပြ ထားသည်။




၎င်း ဖားကန့်ကျောက်စိမ်း ကုဋေကြောမှ ကျောက်စိမ်းထွက်ရှိနိုင်မှုမှာ ပျမ်းမျှ တစ်ဧကလျှင် ကျောက်စိမ်း ၀ ဒသမ ၃ တန်ရှိနိုင်သည်ဟု ဘူမိဗေဒပညာရှင်များက တွက်ဆထားကြောင်း သိရသည်။
phakant

၁၉၉၄ မြန်မာစစ်အစိုးရနဲ့ KIO အပစ်အခတ်ရပ်စဲပြီးနောက် ယခုလို စက်ယန္တယားများဖြင့် ဖားကန့်တွင် ကျောက်စိမ်းတူဖော်လာ။

ဘူမိပညာရှင်များက လွန်ခဲသည့်၁၀ နှစ်ခန့်က ကျောက်စိမ်း တည်ရှိသောနေရာများတွင် ကွင်းဆင်းရှာဖွေ စမ်းသပ်ခဲ့ခြင်းဖြစ်၍ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအတွင်း ဖားကန့်ဒေသတွင်း ဘူမိဗေဒပညာရှင်များနှင့် ကျောက်စိမ်းများတူးဖော်မှုအား တိုးမြင့်ရှာဖွေသွားရန် စီစဉ်ခဲ့ရာ ယခုနှစ်အတွင်းရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရသည် အဆိုပါကျောက်စိမ်းများရှာဖွေတူးဖော်ရေးအား အဆင့်မြင့်နည်းစနစ်များ အသုံးပြု၍ရှာ ဖွေရန် လုပ်ဆောင်ခဲ့ပြီး ကုဋေကျောက်စိမ်းကြော နှင့်တကွ ကျောက်စိမ်းကြောများစွာကိုတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်မျက်ရတနာများအနက် ကျောက်စိမ်းထုတ်လုပ်မှုမှာ နှစ်စဉ်အများဆုံး ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကျောက်စိမ်းထုတ်လုပ် ရောင်းချမှုမှ ၀င်ငွေစံချိန်တင် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းအဖိုးတန်ကျောက်များထွက်ရာဒေသများတွင် မြန်မာအစိုးရသည် အဆင့်မြင့်နည်းစနစ်များ သုံးကာ ပညာရှင်များနှင့် ဆက်လက်တူးဖော်ရှာဖွေသွားရန် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

သို့သော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသခံများသည် ယခုလို အဖိုးတန်ကျောက်များတူးဖော်မှုကြောင့် အကျိုးအမြတ်ခံစားခြင်းမရှိသည့်ပြင် အစိုးရနှင့် ပုဂလ္လိက ကုမ္ပဏီများ၏ ဧရာမစက်ယန္တယားများ အသုံးပြု၍ နေ့စဉ်တူးမှုကြောင့် မြေစာများပိတ်ဆို့ပြီး နှစ်စဉ်ရေကြီးမှုဖြင့် ဒေသခံများ အသက်အန္တရာယ် ရင်ဆိုင်နေရ သည်။

ယခုနှစ်အစောပိုင်းကတည်းက မြို့တွင်းထိမြေစာများကိုစုပြုံလာမှုကြောင့် ဒေသခံများနေအိမ်ထိမြေမြုပ် လာပြီး နီးစပ်ရာတောင်ပေါ်များတွင် လျော်ကြေးမရပဲရွေ့ ပြောင်းနေထိုင်နေရကြောင်းပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများပြောသည်။

ယခုဆက်ပြီး ကုဋေကျောက်ကြောတူးဖော်မှုပြုလုပ်မည်ဆိုပါက အစိုးရနှင့် တရုတ်ကုမ္ပဏီများထပ်မံဝင်ရောက် လာနိုင်ပြီး ဒေသခံများနေထိုင်သည့်ရွာများတွင် အဓမ္မနေရာရွှေ့ပြောင်းရမည်ကို စိုးရိမ်ပူပန်နေကြသည်။

မြန်မာအစိုးရမှ ၄င်းတူးဖော်မှုအား တရားဝင်ပြောဆိုခြင်းမရှိသော်လည်း အစိုးရနှင့် ဘူမိပညာရှင်များသည် နေ့စဉ် ဖားကန့်နှင့်ကျောက်စိမ်းထွက်ရာနေရာတလျှောက် စမ်းသပ်တူးဖော်မှုများ ပြုလုပ်နေကြောင်းဒေသခံ များပြောသည်။

မြန်မာ-ဘင်္ဂလာ တိုက်လေယဉ်များ အပြန်အလှန် ပိုက်နက်ကျူးကျော်ဝင်ရောက်မှု အငြင်းပွားမှုမရှိသေး

ဂစ္ဆပသတင်းဌာန
ဇွန်လ (၁၀)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ-ဘင်္ဂလာ တိုက်လေယဉ်များ အပြန်အလှန် ပိုက်နက်ကျူးကျော်ဝင်ရောက်မှု အငြင်းပွားမှုမရှိသေး

မြန်မာ့စစ်အုပ်စု တိုက်လေယဉ်တစင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် ဘင်္ဂလာတိုက်လေယဉ်တစင်းမှာ မြန်မာနိုင်ငံအနောက်ဘက်သို့ ဇွန်လ (၈)ရက်နေ့က တန်ပြန်ကျူးကျော်ဝင်ရောက်မှုများမှာ နှစ်နိုင်ငံ အကြား အငြင်းပွားမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သတင်းရရှိသည်။




ဘင်္ဂလာမှ တိုက်လေယဉ်မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နစက နယ်မြေ ၅၊ ၇နှင့် ၈ ဒေသများသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၈၀၀၀ ခန့်ကပျံသန်းခဲ့ကြောင်းနှင့် မောင်တောမြို့နယ် အနောက်တောင် ထောင့်မှ အရှေ့မြောက်ဘက်သို့ လေ့လာပျံသန်းခဲ့မှုများ ပြုလုပ်သွားကြောင်း စုံစမ်းသိရှိရသည်။

မြန်မာ့စစ်အုပ်စု တိုက်လေယဉ်မှာ ဇွန်လ(၂)ရက်နေ့၊ (၁၂း ၃၀)နာရီတွင် ဘင်္ဂလာစစ်တကောင်း တောင်တန်းဒေသ ပိုင်နက်သို့ ကျူးကျော်ဝင်ပြီး အမြင့်ပေ ၈၀၀၀ ခန့်မှပျံသန်းခဲ့ကာ စစ်တကောင်းနှင့် ကော့စ်ဘဇားမြို့ လေယဉ်ကွင်းများ၌ ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြောင်း ကော့စ်ဘဇားမြို့ လေယဉ်ကွင်း မန်နေဂျာ ဟာဆန် ဇော်ဟီရ်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။




မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် အနေဖြင့် တိုက်လေယဉ်များ အပြန်အလှန် တပတ်အတွင်း ကျူးကျော်ဝင်ရောက် ခဲ့မှုများမှာ ယခုအချိန်အထိ အငြင်းပွားမှုများ တစုံတရာထွက်ပေါ်လာခြင်း မရှိသေးချေ။

ကော့စ်ဘဇားမြို့ လေယဉ်ကွင်း မန်နေဂျာ ဟာဆန် ဇော်ဟီရ် က စစ်အုပ်စု တိုက်လေယဉ်မှာ စစ်တကောင်းမြို့ လေယဉ်ကွင်း၌ ဆင်းသက်ခွင့် မရရှိခဲ့၍ ကော့စ်ဘဇားမြို့ လေယဉ်ကွင်းတွင် ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း အောက်ပါအတိုင်း ရှင်းလင်းထုတ်ဖေါ် ပြောကြားလိုက်သည်။

“စစ်အုပ်စုတိုက်လေယဉ် ကော့စ်ဘဇားမြို့ လေယဉ်ကွင်းသို့ တစုံတရာ အဆက်အသွယ် ဆက်စပ်မှုမရှိဘဲ ဆင်းသက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့စဉ် လေယဉ်ကွင်းတာဝန်ရှိသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မဆင်းသက်နိုင်အောင် တားမြစ်နေခဲ့ပြီး လုံခြုံရေးအတွက် အသင့်အနေအထား နေရာယူထားကြပါတယ်၊ ကော့စ်ဘဇားမြို့ လေယဉ်ကွင်းသို့ ဆင်းသက်ရန် မကြိုးစားမီ စစ်တကောင်းမြို့ လေယဉ်ကွင်း၌ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း သက်ဆိုင်ရာက ဆင်းသက်ခွင့် မပြုခဲ့ကြောင်း သိရပါတယ်၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံရဲ့ လေယဉ်ကွင်းတွေမှာ အမြင့်ပေ ၆၀၀၀နဲ့ မြေပြန့် ၂၅ မိုင်အတွင်း ကျူးကျော်ဝင်ရောက်လာမည့် လေယဉ်တွေကိုသိအောင် အချက်ပြများ ကြိုတင်ဖန်တီးမှုများ ရှိပါတယ်။” ဟု ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ကော့စ်ဘဇားမြို့ ဒေသထုတ် သတင်းစာများက အဆိုပါ စစ်အုပ်စု တိုက်လေယဉ်မှာ အဆက်အစပ် တစုံတရာ မရှိဘဲ ယခုကဲ့သို့ တရားမ၀င် တနိုင်ငံမှ တနိုင်ငံပိုက်နက်သို့ လာရောက်ပြီး လေယဉ်ကွင်းသို့ ဦးစွာဆင်းသက်ရန် ကြိုးစားခြင်းမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဇွန်လ(၃)ရက်နေ့က ထုတ်ဖေါ်ရေးသားခဲ့ကြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော အိမ်နီးချင်း နိုင်ငံတခုဖြစ်ပြီး တိုက်လေ ယဉ်များ ကျူးကျော်ဝင်ရောက်ခဲ့မှုများနှင့် စပ်လျား၍ ရခိုင်ပြည်မှာနောင်အခါ စစ်တလင်း ဆိုးကျိုးများသာ ခံစားရမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရခိုင်ဝါရင့် နိုင်ငံရေးသမားတဦးက အခုလို သုံးသပ်သည်။

“မြန်မာနိုင်ငံ၌ လက်ရှိအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်ရဲ့ စီမံကိန်းဟာ ရခိုင်ပြည်သူတွေအပေါ် ကြိုတင်ပြီး နည်းမျိုးစုံအကွက်ကျကျ လုပ်နေတဲ့ ပုံစံတွေပါ၊ သူတို့လုပ်ခဲ့သမျှ ရခိုင်ပြည်မှာ စစ်တလင်းဖြစ်ခဲ့ပုံလည်း ရှိခဲ့ပြီးပါပြီ၊ ဒီကနေ့ကမ္ဘာမှာ တနိုင်ငံနဲ့ တနိုင်ငံတရားဝင် ဘာမဆို လုပ်နိုင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေ အဆက်ဆက် လုပ်ခဲ့တာက စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး စတဲ့လုပ်ပုံတွေဟာ နောင်အခါ ဆိုးကျိုးတွေသာ ခံစားရမဲ့ လုပ်ရပ်တွေဖြစ်ပါတယ်၊ စီးပွားရေးဆိုတာလည်း ဘာလည်းမသိတော့ သူတို့ရပေါက်တခုတည်း အတွက်ဘဲ တရားမ၀င် လုပ်နေကြတယ်၊ စစ်ရေးဆိုတာလည်း အတိမ်အနက်နောင်ကို မစဉ်းစားတော့ဘဲ ချင်သလိုလုပ်နေတယ်၊ ဒါ့အပြင် နိုင်ငံရေးဟာ အားလုံးနဲ့ဆက်စပ်မှုရှိတာကို နားမလည်တော့ ဘင်္ဂလီတွေဆီကငွေယူပြီး နိုင်ငံသားလုပ်လိုက်၊ အကြမ်းဖက် သမား တွေဆီကငွေယူပြီး ရခိုင်ပြည်အတွင်း လုပ်ချင်သလို လုပ်နေတာတွေ့နေရတယ်၊ အာဏာရှင်လုပ်သမျှ ဘာမဆိုလုပ်ပြီးရင်ဆိုးကျိုး တွေသာ ဖြစ်ပေါ်လာမှာပါ၊ ခြုံငုံကြည့်ရင်အားလုံး မြင်နိုင်ပါတယ်၊ အခုကပြောဖို့စောပါသေးတယ်၊ သူတို့လည်း အချိန် သိပ်မရှိတော့ ပါဘူး။” ဟု ၎င်းက ခြုံငုံသုံးသပ်ရှင်းပြခြင်းဖြစ်သည်။

စစ်အာဏာရှင်အုပ်စု ခေတ်အဆက်ဆက် ဒလဇတ် လုပ်သမျှကြောင့် မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံများထံတွင် မျက်နှာပန်းမလှ ဖြစ်နေ ရပြီး ပညာရေးနှင့် စက်မှုလက်မှု အတတ်အပညာများအပြင် စသည့်တိုးတက်မှုမှန်သမျှများမှာ အဆမတန် နိမ့်ကျလျှက် ရှိနေကြောင်း အင်တာနက် သတင်းများက ဖေါ်ပြသည်။

စစ်အုပ်စု တိုက်လေယဉ် ဘင်္ဂလာသို့ ကျူးကျော်ဝင်ရောက်ပြီး ကော့စ်ဘဇားခရိုင်မှ စစ်တကောင်းခရိုင် တလျှောက်လုံး ကီလိုမီတာ ၃၀၀ နီးပါးဧရိယာ၌ အသွားအပြန် ပျံသန်းခဲ့မှုကြောင့် ဘင်္ဂလာမှ တိုက်လေယဉ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် နယ်စပ်ဒေသ အခြေအနေများကို တန်ပြန်စုံစမ်းလေ့လာခဲ့မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလာ တိုက်လေယဉ်များ အပြန်အလှန် ပိုင်နက်ကျူးကျော်ပြီး ကင်းထောက်မှုများ နိုင်နိုင်ငံအကြား လတ်တလော ဖြစ်ပေါ်မှုများမှာ သဘောတူထားကြသည့် စီးပွားရေး၊ ပူးတွဲစစ်ဆင်ရေးနှင့် ဖေါက်လုပ်လာမည့် မီးရထားလမ်း၊ ကားလမ်းမကြီးမှတဆင့် အာရှလမ်းမကြီးများ တိုးမြင့်တည်ဆောက်နိုင်ရန် ဆက်ဆံရေးတိုးမြင့်လာနိုင်ခြင်းဖြစ်ကြောင်းနှင့် အာဏာပိုင်များ ထိပ်တိုက်လျှို့ ၀ှက်ချက် များကိုသိရှိရန်မှာ အလွန်ခက်ခဲ့ကြောင်း အဆိုပါ ရခိုင်နိုင်ငံရေးဝါရင့်မှ ဆက်လက် သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်အုပ်စုမှ အာမာခံ ကမ်းခြေစောင့် လေတပ်နှင့် ရေတပ်စခန်းများ တည်ဆောက်လျှက်ရှိကြောင်းနှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့နယ်တွင် ကမ်းခြေစောင့် အာမခံလေတပ်စခန်းတခုတည်ဆောက်ရန် စီအစဉ်များ ရှိနေကြောင်း သိရှိရသည်။

တခြားတဖက်မှာ အဆိုပါ မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဖြစ်ပေါ်လာမည့် ရထားလမ်းနှင့် ကားလမ်းမကြီးမှတဆင့် အာရှလမ်းမကြီး တည်ဆောက်လုပ်မှုများကို တရုတ်နိုင်ငံမှ ကုန်ကျမှုများနှင့် အင်ဂျီနီယာများဖြင့် စီးပွားရေးအရ ဖေါက်လုပ်မည်ဖြစ်ကြောင်း အတည်မပြု ရသေးသော သတင်းများကဆိုသည်။

လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံဆက်ဆံရေးနောက်ကွယ်တွင် တရုတ်ပါဝင်ပတ်သက်မှုများ ရှိနေကြောင်းနှင့် တရုတ်အနေဖြင့် မြန်မာနိုင်ငံကို ဆက်ဆံနေခြင်းမှာ အဓိက စီးပွားရေးအရ ဆက်ဆံနေခြင်းကြောင်း စီးပွားရေးသတင်းရပ်ကွက်များက ဆိုသည်။

Wednesday, June 8, 2011

မြန်မာ့ မူးယစ်ဆေးဝါး သိန်း(၁၀၀)ကျော်တန်းဖိုး ရက် (၄၀)အတွင်း ဘင်္ဂလာဖမ်းဆီးရမိ

ဂစ္ဆပသတင်းဌာန
ဇွန်လ (၈)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ့ မူးယစ်ဆေးဝါး သိန်း(၁၀၀)ကျော်တန်းဖိုး ရက် (၄၀)အတွင်း ဘင်္ဂလာဖမ်းဆီးရမိ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် မြန်မာ့မူးယစ်ဆေးဝါးမျိုးစုံ တာကာ သိန်း (၁၀၀)ကျော်တန်ဖိုးအား မေမှ ဇွန်လ (၆)ရက်နေ့၊ စုစုပေါင်း ရက်(၄၀)အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် တာခ်နာမြို့ အခြေစိုက် BGB အမှတ် (၄၂)တပ်ရင်းမှ အရာရှိ ဇော်ဇော် မီယာရ် ဦးဆောင်ပြီး တာခ်နာမြို့နယ် ဇာလီယာကျေးရွာနယ်မြေ အမှတ်(၁) ပုဇွန်ခွင်တခုအား ၀င်ရောက်စစ်ဆေးကြည့်ရာတွင် ပုဇွန်နှင့်အတူ ထည့်ထားသည့် ရေအိုင်အတွင်းမှ မြန်မာလုပ်အရက် ၁၇၀ ပုလင်းအား ဇွန်လ(၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း သတင်းထောက်များသို့ ထုတ်ဖေါ်ပြော ဆို လိုက်သည်။

အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ် မီယာရ်မှ ဖမ်းဆီးရမိသည့် မြန်မာ့အရက် ၁၇၀ ပုလင်းတန်ဖိုးမှာ တာကာ နှစ်သိန်းခွဲခန့်တန်ဖိုးရှိသည်ဟု အတည်ပြု ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် dailynewscoxsbazarbani သတင်းစာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် တာကာ သိန်း (၁၀၀)ကျော်တန်ဖိုးအနက် သိန်း(၉၀)မှာ မေလအတွင်းက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မူးယစ်ဆေးဝါးမျိုးစုံ တာကာသိန်း(၉၀)တန်ဖိုးအား တာခ်နာမြို့ အခြေစိုက် အမှတ်(၄၂)BGB တပ်ရင်းမှ တာခ်နာမြို့နယ်အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောပြချက်အရ သိရှိရသည်။




တာခ်နာမြို့ အခြေစိုက် အမှတ် (၄၂)BGB တပ်ရင်း တရင်းတည်းမှ မေလမှ ဇွန်(၆)ရက်နေ့အထိ ဖမ်းဆီးရမိသည့် စုစုပေါင်း မြန်မာ့ မူးယစ်ဆေးဝါးများမှာ ရာဘားမြင်းဆေး ၁၇၆၈၉ လုံး၊ ဂင်ဇာ ၈ ကေဇီ ၈၀၀ ဂရမ်၊ အရက်မျိုးစုံ ၁၁၈၇ လုံး၊ ၂၈၉၅ ကာတွန့် ဘီယာနှင့် ဒေသထုတ်အရက် ၃၄၈ လီတာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။ တခြား BGB တပ်ဖွဲ့များမှာလည်း မြန်မာ့ မူးယစ်ဆေးဝါးများကို အပုံလိုက် ဖမ်းဆီးရရှိမှုများ အများအပြားရှိနေသေးကြောင်း ဒေသထုတ် သတင်းစာများအရ သိရှိရသည်။

အဆိုပါ မေလအတွင်းက ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ယခုလပထမအပတ်က BGB(၄၂)တပ်ရင်းအတွင်း သက်ဆိုင်ရာ ဒေသအတွင်း တာဝန်ရှိသူများကို ဖိတ်ခေါ်ပြီး ခင်းကျင်းပြသခဲ့သည်။

မောင်တောမြို့ စစ်တပ်သတင်းရပ်ကွက်မှ မြန်မာလုပ် အရက်များနှင့် ရာဘားမြင်းဆေးများ ဘင်္ဂလာသို့ တရားမ၀င် တင်ပို့ရန် အမြောက် အများ အတုထုတ်လုပ်မှုများမှာ မောင်တောမြို့နယ်အတွင်း တည်ရှိကြောင်းဆိုသည်။ အဆိုပါ ထုတ်လုပ်မှုနှင့် တင်ပို့မှုများကို မောင်တောမြို့ အာဏာပိုင်က မူးဆေးဝါးများ ထုတ်လုပ်သူများမှ ငွေစားပြီး လျှို့ဝှက်စွာ ခွင့်ပြုထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် မောင်တောနှင့် မျက်နှာချင်းဆိုင် တည်ရှိလျှက်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့နယ် နှစ်ဘက်နယ်စပ်သတင်းများက နယ်စပ်တရားမ၀င် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် မြန်မာ့စစ်အုပ်စု အရာရှိကြီးများ ပူးပေါင်းပါဝင်လျှက်ရှိနေကြောင်း ဆိုသည်။

Thursday, June 2, 2011

ဂစ္ဆပသတင်းဌာန
ဇွန်လ (၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com




ဗိုလ်မှူးချုပ် နေလင်း ရခိုင်ပြည်ခရီးစဉ်အတွင်း ၀န်ထမ်းဟောင်းများ၏ နေအိမ်စီမံကိန်းကိုညွန်ကြားခဲ့

စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဗမခ နေလင်း ရခိုင်ပြည်မြို့များသို့ မေလ(၁၅)ရက်နေ့က (၄)ရက်တာ လာရောက် လည်ပတ်ခဲ့ပြီး ၀န်ထမ်းဟောင်းများအတွက် နေအိမ်စီမံကိန်းတခုကို ယခုနှစ်အပြီးတည်ဆောက်ရန် ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနမှညွှန်ကြားရေးမှူး နေလင်းမှာ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ရခိုင်ပြည်ရှိ မြို့အများ အပြားသို့ သွားရောက်ပြီး ရခိုင်ပြည်သူများအား စိတ်တိုင်းကျအကွက်ဆင် နှိပ်ကွက်နိုင်ရန် လေ့လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဗမခ နေလင်းမှာ ပြည်တွင်းလေကြောင်းဖြင့် မေလ(၁၅)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြောင်းနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့များသို့ သွားရောက်ခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗိုလ်မှူးချုပ် နေလင်း၏ ရခိုင်ပြည်ခရီးစဉ်အတွင်း ၀န်ထမ်းဟောင်းများအတွက် အိမ်ယာတည်ဆောက်လျှက် ရှိနေသည့် နေရာများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အိမ်ယာသစ်များတွင် နှစ်ရှည်လများတာဝန်ထမ်းဆောင်ခဲ့သည့် ၀န်ထမ်းဟောင်း များကိုသာ အဓိက ထားရှိမည်ဖြစ်ကြောင်း ညွန့်ကြားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စစ်အုပ်စု ၀န်ထမ်းဟောင်းများအတွက် အိမ်ယာသစ်များ တည်ဆောက်နေသည့် နေရာများမှာ ဘူးသီးတောင်မြို့နယ်တွင် (၂)နေရာ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပလက်ဝနှင့် မင်းပြားမြို့နယ်များတွင် (၁)နေရာစီဖြစ်ကြောင်း သိရှိရသည်။

ယခုစစ်အုပ်စုမှ ၀န်ထမ်းဟောင်းများအတွက် အိမ်ယာတည်ဆောက်နေသည့် မြေနေရာများ အတိအကျကို မသိရှိရသေးသော်လည်း တည်ဆောက်နေသည့် အိမ်တလုံးစီ၏တန်ဖိုးမှာ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိရှိကြောင်း၊ ကုန်ကျမည့်ငွေများကို ၀န်ထမ်းဘဏ္ဍာရေး ဌာနမှထုတ်ယူသုံးစွဲနေကြောင်း၊ စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်တည်ဆောက်မည်ဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးသည်နှင့် ၀န်ထမ်းဟောင်းများကို နေရာချထားပေးမည်ဖြစ်ကြောင်း စစ်တပ်မှလာသော သတင်းများက ဆိုသည်။

သို့သော်လည်း အဆိုပါ တည်ဆောက်နေသည့် နေအိမ်များတွင် တပ်ကြပ်ကြီးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်များကိုသာ နေရာချထားမည် ဖြစ်ပြီး တည်ဆောက်ထားသည့် အိမ်၏ ကုန်ကျစာရိတ်များကို ယင်း၏လခမှ လစဉ်ဖြတ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စစ်အုပ်စုမှ ၀န်ထမ်းများအတွက် အိမ်တည်ဆောက်နေသည့် မြေယာများမှာ ဒေသခံရခိုင်ပြည်သူများမှ မတရားသဖြင့် သိမ်းယူ ထားသော မြေယာများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါနေအိမ်များသို့ အခြေချရောက်ရှိလာမည့် ၀န်ထမ်းဟောင်းများ၏ စီးပွားရေးများကိုလည်း ဒေသခံသက်ဆိုင်ရာမှ စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အတည်မပြုရသေးသော သတင်းများကဆိုသည်။

စစ်အုပ်စုအဖွဲ့မှ ရခိုင်ပြည်သို့ တာဝန်ဖြင့် ရောက်ရှိလာကြသော စစ်တပ်အကြီးအကဲများမှာ ရခိုင်ပြည်နှင့် လူထုထံမှ စီမံကိန်းလှည့်ကွက် များကိုအသုံးပြုလျှက် အကျိုးအမြတ်ရရှိမည်ကို စနစ်တကျ ကြိုတင်တွက်ချက်ပြီး ဖိနှိပ်ရက်စက်ရန် လာကြသော သူများသာ ဖြစ်ကြောင်း ယနေ့ရခိုင်ပြည်သူလူထု အခြေအနေကို ကြည့်၍သိရှိနိုင်သည်။

“ဗမခ နေလင်းရဲ့ ရခိုင်ပြည်ခရီးစဉ်အတွင်း အဓိကလျှို့ဝှက်ပြီး ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေကို သိဖို့ခက်ပါတယ်၊ ဒါ့အပြင် စစ်အုပ်စုက မြန်မာပြည်သူလူထုတွေအပေါ် လူညွှန့်တုံးအောင်အထိ စစ်အာဏာရှင်အုပ်ချုပ်ရေး စနစ်နဲ့ တလျှောက်လုံး ကျင့်သုံးလာတဲ့ သူတို့ရဲ့ ကြက်ဖက်အချင်းချင်း အိုးမဲသုတ်ပြီး ခွတ်ခိုင်းတဲ့ စီမံကိန်းကွင်းဆက်တွေကို အသေးစိပ်သိရှိဖို့ မလွယ်ပါ။”ဟု ရခိုင်နိုင်ငံရေး ၀ါရင့်များက သုံးသပ်ပြောဆိုကြသည်။