ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Saturday, March 31, 2012

ဘတပြန်-ကျားတပြန်၊ တရုတ်-အမေရိကန် အာဏာလွန်ဆွဲပွဲ


"အိပ်နေသောနဂါးကြီးကိုမနှိုးပါနဲ
့" ဆိုသည့်ပြင်သစ်စစ်သူကြီး နပိုလီယန်၏
သတိပေးစကားက အခုအချိန်တွင် လွန်ခဲ့ပေပြီ။ တရုတ်(သို့မဟုတ်)
အာရှ၏နဂါးကြီးက နိုးသွားခဲ့ပါပြီ။ နိုးထလူလွန့်လာရုံတင်မကဘဲ အနီးအပါးက
အာရှ၏ကျားများ၊ ခွေးများ၊ ခြင်္သေ့များစသည့် ရှိသမျှ အကောင်ဗလောင်တွေကို
ဝါးမြိုဖို့ကြိုးစားနေပေပြီ။ ခပ်လှမ်းလှမ်းက အာဖရိကတော
ဆင်ရိုင်းတွေကိုတောင် အလွတ်မပေးပဲ အခိုးအငွေ့တွေထုတ်လွှတ်ပြီး
ညှိ့ငင်ကာထားပြီးလေပြီ။ ထိုအချိန်မှာပင် တရုတ် ဒီမိုကရေစီ ရေးလှုပ်ရှားသူ
လျူ ကို ၂၀၁၀ အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးရန်
ရွေးချယ်ဆုံးဖြတ်ခဲ့မှုက နော်ဝေနိုင်ငံ၏နိုဘဲလ်ဆု ကော်မတီအနေဖြင့်
အာရှနဂါးကြီး၏ နှုတ်ခမ်းမွှေးကို ဗြုန်းကနဲဆွဲ
နှုတ်လိုက်ခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်၏နယ်ပယ်အင်အားချဲ့ထွင်မှုများက ယခင်စစ်ပြီးခေတ်အနောက်အုပ်စုနှင့်
အမေရိကန်တို့၏ လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူဘဲတစ်မျိုးတစ်ဘာသာ ဖြစ်နေသည်ကို
တွေ့ရပေသည်။ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံရှိသော တရုတ်နိုင်ငံကြီးအတွက်
စွမ်းအင်လုံလောက်မှုနောက်ကို လိုက်နေသည်ဟု ထင်စရာရှိသော်လည်း
ယင်းထက်ပိုကောင်းပိုပေလိမ့်မည်။ ဈေးကွက်ချဲ့ထွင်မှုဟုတ်မဟုတ်ဆိုသည်က
ရှင်းပါသည်။ အယူဝါဒကြောင့်ဟုဆိုရအောင် ကွန်မြူနစ်ပါတီကြီးဟု
မျက်စိမှိတ်အော်နေသော်လည်း ဒီမိုကရေစီအသံ ထက်ဝက်ပေးပြီး
အရင်းရှင်စနစ်နောက်ကောက်ကောက်ပါအောင် လိုက်နေသည်မို့မဖြစ်နိုင်။
သေချာသည့် ရည်မှန်းချက်တစ်ခုသည်ကား တရုတ်အနေဖြင့်
ကိုယ်ကျိုးစီးပွားအလွန်အမင်း ကြည့်လိုခြင်းသာဖြစ်ပေလိမ့်မည်။

လျူကို ၂၀၁၀အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးရန်
ရွေးချယ်ဆုံးဖြတ်ခဲ့အပြီးတွင် "အနောက်အုပ်စု များအနေနဲ့ တရုတ်၏
တရှိန်ထိုးတိုးတက်ကြီးပွားလာနေမှုကို ကြောင့်ကြမရှုဆိမ့်လို၍
တမင်ထိုးနှက်ခြင်းဖြစ်သည်။ နော်ဝေဆုကော်မီတီအနေဖြင့်လည်း
နိုဘဲလ်ဆုကြီးကို အသရေဖျက်ခြင်းဖြစ်သည်" ဆိုကာ
တရုတ်ဘက်မှစွတ်စွဲပြောကြားခဲ့သည်။ တရုတ်ခေါင်းဆောင်များအနေဖြင့်
ဒလိုင်းလားမားကို နိုဘဲလ်ဆုပေးစဉ်ကလည်း အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့သည်။
တရုတ်အနေဖြင့်ကမ္ဘာ့မိသားစုကို ဥပေက္ခာပြုပြီး ကမ္ဘာ့အဆိုးယုတ်ဆုံးစာရင်းဝင်
ဗမာဖက်ဆစ်စစ်ဝါဒီအာဏာရှင် သန်းရွှေကိုလည်း မျက်စိစုံမှိတ်ကာ
အကာအကွယ်ပေးနေသည်ကို ထင်ရှားစွာတွေ့ရပေသည်။ တရုတ်၏ဤလုပ်ဆောင်ချက်များက
အရင်ဒုတိယ ကမ္ဘာ့ စစ်အရှိန်မပြယ်သော စစ်အေးကာလ အယူဝါဒတိုက်ပွဲ
သက်သက်မဟုတ်တော့ပဲ ကိုယ်ကျိုးစီးပွားနှင့် ဒီမိုကရေစီ ကျင့်ဝတ်ကိစ္စတွေက
ပိုအရေးကြီးလာပြီး တကယ့်စစ်ပွဲတစ်ခုဆီကိုတောင် ပြန်ပြီး ဦးတည်ကောင်း
ဦးတည်နိုင်ပေသည်။

ဆင်းရဲမွဲတေမှုကြီးမားသည့် အာဖရိကတိုက်ကြီးကို အနောက်နိုင်ငံအစိုးရများက
တယောက်ချင်းအလိုက်ရော အားလုံးအရင်းနဲ့ လူသားချင်း စာနာမှုတွေပြခဲ့ကြသည်မှာ
ကြာပြီဖြစ်သည်။ သို့ရာတွင် ယနေ့တိုင် အာဖရိကလည်း
ပိုမတိုးတက်မစည်ပင်လာခဲ့။ ဤအခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏
ရင်းနှီးမြုပ်နှံမှု များစွာသည် အာဖရိကသို့ ဝင်လာခဲ့သည်။
အငြင်းပွားဖွယ်အာဏာရှင် ဆူဒန်၏ရေနံသဘာဝ ဓါတ်ငွေ့ကုန်သွယ်မှုတွေမှအစပြုကာ
တရုတ်အနေဖြင့် လမ်းပေါက်သွားခဲ့သည်။ အခုအချိန်တွင် အာဖရိက၏
မြို့ကြီးများ၏ မွဲခြောက်ခြောက်လမ်းမကြီးများအပေါ်တွင်
မှန်ရောင်ပြောင်လက်နေသည့် တရုတ်လက်ရာ အဆောက်အဦးများစွာကို တွေ့လာနေရသလို
အနောက်နိုင်ငံသားဆရာဝန်များ၊ ကျန်းမာရေးလုပ်သား၊ ကယ်ဆယ်ရေးလုပ်သားများ၏
ကြားထဲမှာလည်း တရုတ် အင်ဂျင်နီယာ ဆောက်လုပ်ရေး လုပ်သားများကို
အရောင်စုံစွာတွေ့ နေကြရတော့သည်။

ဒုတိယကမ္ဘာစစ် အရှိန်ဖြင့် ပစိဖိတ်ကျွန်းစု နိုင်ငံများအပေါ်တွင်
အမေရိကသြဇာ လွှမ်းမိုးနေခဲ့ပေသည်။ ဖိလစ်ပိုင်၊ ဂျပန်စသည့် နိုင်ငံများတွင်
ရေတပ်စခန်းတွေ့ရှိနေမှု၊ တောင်ကိုရီးယား၊ တိုင်ဝမ်ကို စစ်ရေး
အကူအညီတွေပေးနေမှု၊ ဖိလစ်ပိုင်နိုင်ငံ၏ ဂူအမ်ကျွန်းလိုမျိုး နေရာအများကို
အပိုင်ရယူထားမှု စသည့် အနေအထားများကြားတွင် တရုတ်အနေဖြင့် သူ၏
အသက်ရှူကြပ်လှသည့် တရုတ် ပယ်လယ်ထွက်ပေါက်ကို အသာထားပြီး အိန္တယသမုဒ္ဒရာ
ဖက်ဆင်းက ကျောက်ဖြူ၊ စစ်တကောင်း၊ သိရိလင်္ကာ တို့တွင် ဆိပ်ကမ်း
ကြီးများတည်ဆောက်ဖို့လုပ်လိုက်သည်။ အမေရိကန်က ပစိဖိတ်ကျွန်းစု ရေတပ်
စစ်စခန်းများနှင့် အလုပ်ရှူပ်နေသည့် အချိန်တွင် အာရှ နဂါးတရုတ်က အိန္ဒယ
သမုဒ္ဒရာတွင် စီးပွားရေး ဆိပ်ကမ်းကြီးများဖွင့်လှစ်ရန်ပြုလုပ်နေပြီး
အိန္ဒိယ သမုဒ္ဒရာ၏ မဟာဗျူဟာကို ပိုင်ဆိုင်ကြီးစိုးရန် တာစူနေပေသည်။

အာရှနိုင်ငံတွေထဲမှာက မြန်မာ၊ ဗီယက်နမ်လာအိုနှင့်
မြောက်ကိုရီးယားနိုင်ငံများက လွဲပြီး ကျန်နိုင်ငံများအားလုံးလိုလိုသည်
လက်ရှိကမ္ဘာ့ချန်ပီယံ အမေရိကန်နှင့် ဆက်ဆံရေးရှိသည့်
နိုင်ငံများဖြစ်ကြသည်။ စင်ကာပူတစ်နိုင်ငံသည်သာလျှင်
နိုင်ငံတကာဆက်ဆံရေးအပိုင်း၌ ရပ်တည်ချက်ပိုင်းတွင် ဟိုလိုလိုဒီလိုလိုနှင့်
တိကျမှုမရှိသည်ကို တွေ့ရသည်။ ဗမာအာဏာရှင်များအနေဖြင့် တရုတ်နဲ့က
သေချာပေါက်ပေါင်းဖက်ခဲ့လေပြီ။ ရခိုင်လူမျိုးတို့၏ ကျောက်ဖြူမြို့ကနေ
ဗမာပြည်အလယ်ပိုင်းကို ဖြတ်ဖောက်မည့်တရုတ် အကျိုးစီးပွားပိုင်
ဓါတ်ငွေ့ပိုက်လိုင်းကြီးက တရုတ်-မြန်မာ ဆက်ဆံရေးမည်မျှ
ခိုင်မြဲနေသည်ဆိုသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဗမာစစ်ဝါဒီများ
အနေဖြင့် အိန္ဒိယနဲ့လည်း စစ်တွေဆိပ်ကမ်းဆောက်လုပ်၊ တရုတ်နဲ့လည်း ကျောက်ဖြူ
ပိုက်လိုင်းတည်ဆောက်ပြီး နိုင်ငံရေးကစားနေတဲ့ ဗမာအနေဖြင့်
ဤပြိုင်ပွဲကြီးထဲမှာ ဗျူဟာမြောက်သည့် အနေအထားတွင် ရှိနေသည်။ ကျန်သည့်
အာဆီယံနိုင်ငံများအနေဖြင့် တရုတ်အတွက်ပေါချောင်ပျက်
စက်မှုထွက်ကုန်ပစ္စည်းတွေ စုပုံရောင်းချရာဈေးကွက်ကြီး (dumping ground )
ဖြစ်နေပြီး တချိန်တည်းမှာပင် စိုက်ပျိုးရေးထွက်ကုန်၊ စားစရာ
ကုန်ကြမ်းများကို ဈေးချိုချိုနဲ့ ရယူနိုင်နေသည်ကို တွေ့နေရသည်။

တရုတ်အနေဖြင့် ကိုရီးယားကျွန်းဆွယ် ဆက်ဆံရေးကိုတော့ Divide and Conquer
ဗျူဟာကို သုံးထားသည်။ ပြုံယမ်းကို မျက်စိမှိတ်ထောက်ခံပေးနေသည့်
အချိန်မှာပင် ကြားခံအဖြစ်အမြတ်ထုတ်ရင်း ဆိုးလ်နှင့်လည်း
အဆက်အဆံကောင်းအောင်လုပ်ထားနိုင်သည်။ မြောက်ကိုးရီးယားကျဆုံးသွားပါကလည်း
သူ့ကိုပိုအားကိုးရမည်။ ဒါမှ မဟုတ် တောင်ကိုးရီးယားနဲ့
ပေါင်းစည်းသွားရင်လည်း တောင်-မြောက် ကိုးရီးယားသစ်က ဂျပန်ထက်သူ့ကိုသာ
ဆက်ဆံစရာရှိလိမ့်မည်။ တရုတ်အဖို့ဘာမှ အရှုံးမပေါ်နိုင်ဆိုသည်ကို
တရုတ်နဂါးက ကောင်းကောင်းသိထားပေသည်။

ဂျပန်နဲ့ အငြင်းပွားနယ်မြေလုနေကြသည်တောင် တရုတ်ပင်လယ်ထဲက ကျွန်းစု
ပြဿနာတွေကြောင့် တရုတ်ပြည်တွင်းမှာ အမျိုးသားရေးစိတ်ဓါတ်ကို
မြှင့်တင်ထားနိုင်သည်။ ပထဝီအနေအထားအရ တရုတ်ပင်လယ်နှင့် ပိုနီးကပ်သည့်
ဂူအန်ကျွန်းကို အမေရိကန်တို့က ပိုင်ဆိုင်ထားမှုကလည်း သဘာဝမကျသည့်
ကိစ္စဖြစ်သည်။ ဝါရှင်တန်-ပီးကင်းအစိုးရတို့၏ အဓိကပြဿနာဖြစ်သည့်
တိုင်ဝမ်ကျွန်းကိစ္စကလည်း စိတ်ဝင်စားစရာကောင်းလှသည်။ တရုတ်ဖက်က " One
China Policy " ကို အော်ပြီး တရုတ်လူမျိုးများစုစည်း ညီညွှတ်ရေး
ယောင်ယောင်ပြောနေသည်။ ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းများ
ကြားမှပင် တိုင်ဝမ်အစိုးရ ကိုယ်၌က တရုတ်နှင့်ဆက်ဆံရေးကောင်းဖို့
လိုလားပြနေတဲ့ အချိန်မှာ အမေရိကန်အနေနဲ့ တိုင်ဝမ်ကို
ဆက်အကာအကွယ်ပေးထားစရာ အကြောင်း သိပ်မရှိတော့ပေ။ အကယ်၍သာ တိုင်ဝမ်ကို
အမေရိကန်ထားသွားမည်ဆိုပါက ဒေသတွင်းနိုင်ငံငယ်တွေကြားထဲ အမေရိကန်အပေါ်
ယုံကြည်အားကိုးမှု ပျက်ပြားသွားနိုင်ပြီး တရုတ်သြဇာလွမ်းမိုးမှုက
အလွယ်တကူနေရာ ယူသွားနိုင်ပေလိမ်မည့်။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းသည်မှာ Central Asia ဖက်က "..... စတန် "
နိုင်ငံတွေနဲ့ ဆက်ဆံရေးဖြစ်သည်။ တရုတ်အနေဖြင့် ဗမာပြည်မှ
သဘာဝဓါတ်ငွေ့ပိုင်လိုင်းကြီးများအပြင် နောက်ထပ် ပိုင်လိုင်းကြီး(၂)ခု
အတွက် အကြံကြီးတွေရှိနေသေးသည်။ အူရဂါ လူမျိုးစု များနေထိုင်ရာဇင်းကျန်း
ပြည်နယ်ထိ ရောက်အောင်ဖောက်လုပ်မည့်ပိုက်လိုင်းကြီး (၂)လိုင်းမှာ
ရေနံပိုက်ကြီးက ဇတ်ကစ္စတန်ကို ဖြတ်ဖောက်မည်။ သဘာဝဓါတ်ငွေ့ ပိုက်ကြီးက
ဥစဘတ်ကစ္စတန် ပေါ်ဖြစ်မည်။ ပိုက်လိုင်းကြီးများနှင့်
သိမ်းပိုက်လိုက်ပြီဆိုမှဖြင့် အဆိုပါနိုင်ငံများသည် တရုတ်နှင့်တသက်
မခွဲစတမ်း ပေါင်းရပေတော့မည်။ လမ်းကလည်း သင့်သွားပြီးဖြစ်၍
အာဖဂန်နစ္စတန်တွင်ရှိသည့် သတ္တုတွင်းများကိုတောင်မျက်စိ ကျနေပြန်သည်။
ထို့ကြောင့် အခုအချိန်တွင် အမေရိကန်နှင့် ၄င်း၏မဟာမိတ်တပ်များကြောင့်
အာဖဂန်တည်ငြိမ်သွားပါက တရုတ်အတွက် ဇိမ်တကာ့ဇိမ် ဖြစ်ပေလိမ့်မည်။

တိဗက် ကိုမျက်စိမှိတ် သိမ်းထားခြင်းသည်လည်း နယ်ပယ်
အာဏာချဲ့ထွင်ဖို့သက်သက်သာ ဖြစ်ပေသည်။ လူသူကျဲပါးလှသည့်
မွန်ဂိုလီးယားကြီးကို တောင်သမိုင်း တပတ်လည်ပြီး နယ်ချဲ့လက်သစ်လုပ်နေသည့်
အရိပ်အယောင်တွေရှိနေသည်။ ရုရှ ကလည်း ၄င်းကို စိုးရိမ်နေသည်။
ဗမာပြည်အရှေ့မြောက်ခြမ်းကို တအိအိတိုင်းဝင်းလာသော
အခြေချနေထိုင်မှုများကဲ့သို့ပင် မွန်ဂိုလီးယားနယ်စပ်များကိုလည်း
တရုတ်လူမျိုးများသောင်းနဲ့ချီ ဝင်ရောက်လာနေလေပြီ။

တလျှောက်လုံးငြိမ်သက်တိတ်ဆိတ်နေခဲ့သည့် တရုတ်နယ်စပ်တလျှောက်ရှိ
အာရှအလယ်ပိုင်းနိုင်ငံကြီးတွေမှ
လူတွေလမ်းတွေတံတားကြီးတွေပိုက်လိုင်းကြီးတွေနဲ့ သွယ်တန်းယှက်နွယ်စီးပွား
စည်ပင်လာခဲ့ရင်တရုတ်ရဲ့ ကုန်းတွင်းအင်အား တည်ဆောက်နေမှုနဲ့ အတူဟန်ချက်
ညီညီရေတပ်အင်အား ကိုပါတိုးချဲ့လာနေမှုက ဒေသတွင်း ဂျပန်၊
တောင်ကိုးရီးယားနှင့် အိန္ဒိယ တို့ကိုပါ ရေတပ်အင်အားအပြိုင်
ပြင်ဆင်လာစေသည်။ ရှူပ်ထွေးလာသည့်ဆက်ဆံရေးတွေကြားတွင် ပစိဖိတ်ဒေသမှ
အမေရိကန်၏ အနေအထားရပ်တည်မှုတွေက ကြပ်တည်းလာပြီလား။ အကယ်၍သာ
အိုဘားမားအစိုးရအနေဖြင့် နဂိုရှိရင်းစွဲအင်အားချိန်ခွင်လျှာ
နိုင်ငံရေးအယူအဆကို ဆက်လက်မဆုပ်ကိုင်တော့ပါက အာရှဒေသတွင်
တရုတ်လွှမ်းမိုးမှုကြီး အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်လာမလား။
ဒေသတွင်း စစ်ကျိမ်းသံတွေပို ဆူညံလာမည်လား။ အရှေ့အာရှတွင်
တရုတ်-အမေရိကန်တို့၏ စစ်အင်အားပြိုင်ဆိုင်လာပါက ရုရှား။ တရုတ်၊
မြောက်ကိုးရီးယားတို့ကတစ်ဘက်၊ အမေရိကန်၊ ဂျပန်၊
တောင်ကိုးရီးယားနိုင်ငံတို့က တစ်ဘက် ကွန်မြူနစ်အုပ်စုနှင့်
အရင်းရှင်အုပ်စုတို့၏ နျူးကလီးယား စစ်မက်ရေးရာက အာရှအရှေ့ဖျားဒေသတွင်
ပေါက်ကွဲလာမည်သာ ဖြစ်သည်။ ယင်းနေ့သည်ကား ကမ္ဘာကြီးပျက်သုံန်းမည့်
နေပင်ဖြစ်ပေလိမ့်မည်။ ယင်းသို့မဟုတ်ပါက ကမ္ဘာ့အမေရိကန် ကိုယ်တိုင်ကရော
ခေါင်းကနေ အမြီးအထိ အစာတွေဝဆူဖြိုးနေသည့် တရုတ်နဂါးကြီးကို
လိုလိုလားလားလွှတ်ထားခဲ့လေမလား။ အမေရိကန်-တရုတ်အင်အားကြီး နှစ်နိုင်ငံ၏
ဘတပြန်-ကျားတပြန် နိုင်ငံရေးလွန်ဆွဲပွဲချိန်ခွင်လျှာက
မည်သို့ဖြစ်လာမည်နည်းဆိုသည်ကို စောင့်ကြည့်ရဦးမည်သာဖြစ်ပေသည်။

www.arakantimes.net/burmese

ပြည်ခိုင်ဖြိုးသည် စွမ်းအားရှင် မဟုတ်

 
Print Friendly
ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီကို အကြီးအကျယ် စိန်ခေါ်နေပြီဖြစ်သည်။ ရွေးကောက်ပွဲရလဒ် မျှော်လင့်ချက်၊ အတိုက်အခံအပေါ် သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ရပ်တည်ချက်၊ ပါတီတွင်း သဘောထားကွဲလွဲမှု၊ စွမ်းအားရှင်နှင့် ပါတီအကြောင်းများအား ဧရာဝတီမဂ္ဂဇင်း သတင်းထောက် ကျော်ခ က ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၅ နေရာလုံးမှာ အနိုင်ရမယ်လို့ ယူဆထားလားခင်ဗျ။
ဖြေ ။ ။ ယူဆထားတယ်။ ယူဆတဲ့အကြောင်းရင်းကလည်းပဲ တစ်အချက်ကတော့ ဒီနေရာတွေဟာ ကျနော်တို့အနိုင်ရပြီးသား နေရာထဲကနေ လစ်လပ်သွားတဲ့နေရာတွေ ဖြစ်ပါတယ်။ နောက်တခုကတော့ ကျနော်တို့ရဲ့ ပါတီဆိုတာ ပြည်သူအကျိုး အတွက် ဆောင်ရွက်ကြတာပဲလေ။ ပြည်သူအကျိုးအတွက် ဆောင်ရွက်ကြတဲ့ နေရာမှာ ကျနော်တို့ပါတီက နေပြီးတော့မှ ဒီနေရာတင် မဟုတ်ဘူး တနိုင်ငံလုံးမှာ ဆောင်ရွက်နေတဲ့ လက်တွေ့လုပ်ဆောင်နေမှုတွေ အပေါ်မှာလည်း ကျနော်တို့ ယုံပါတယ် ပြည်သူကလည်း အဲဒီ အပေါ်မှာ တန်ဖိုးထားမယ်လို့ ကျနော်တို့ယုံပါတယ်။ သို့သော်လည်းပဲ တခြားအကြောင်းအချက်တွေ ရှိနိုင်တာပေါ့ဗျာ။ မဲရမယ် မရဘူး၊ ကျနော်တို့ကို ထောက်ခံမယ် မထောက်ခံဘူး ဆိုတာ တခြား အကြောင်းပြချက်တွေလည်း ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်က မျှော်မှန်းတာကတော့ ၄၅ နေရာလုံးကို မျှော်မှန်းပါတယ်။ သို့သော်လည်းပဲ မမျှော်မှန်းနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်လာရင်လည်းပဲ ဒါ ဝမ်းမြောက်ဝမ်းသာပဲ ကျနော်တို့ ကြိုဆိုပါတယ်။
မေး ။ ။ ဒီကြားဖြတ် ရွေးကောက်ပွဲအပေါ် ပြည်ခိုင်ဖြိုးပါတီရဲ့ အမြင်၊ သဘောထားက ဘယ်လိုရှိလဲ ပြောပါဦးခင်ဗျ။
ဖြေ ။ ။ ဒါတွေဟာ ကျနော်တို့လိုလားတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒါကြောင့် ပါဝင်တဲ့လူတွေအားလုံးကို ကျနော်တို့ ကြိုဆိုတယ်။ အဆုံးအဖြတ် ပေးမှာကတော့ ပြည်သူပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမျှတတဲ့ လွတ်လပ်တဲ့ ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင် ကျနော်တို့ ကိုယ်တိုင်လည်း လိုလားပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်းပဲ ပါဝင်ပူးပေါင်း ဆောင်ရွက်ပါ့မယ်။ ကျနော်တို့ ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ပါ့မယ်။
မေး ။ ။ အောက်ခြေပိုင်းတွေမှာ ကြံ့ခိုင်ရေးပါတီက မတရားမဲဆွယ်မှုတွေ လုပ်နေတယ်ဆိုပြီး NLD က တိုင်တန်းတာတွေ၊ သတင်းတွေ ထွက်နေတာတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ ။ ။ တကယ် တိုင်တန်းစာရှိရင်တော့ ကျနော့်ဆီရောက်မှာပဲ။ ဒါမှမဟုတ်ရင်လည်း ကော်မရှင်ရောက်မှာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင်လည်း ကော်မရှင်ရောက်မယ်။ ပါတီနဲ့ ပတ်သက်လို့ရှိရင် ကျနော့်ဆီရောက်မှာပေါ့။ အဲတော့ တိုင်တန်းစာတွေနဲ့ ပတ်သက်လို့ မတရား လုပ်တယ်ဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့တော့ ကျနော်တို့ အခုလည်း လက်မခံပါဘူး။ အရင်တုန်းကလည်း လက်မခံပါဘူး။ နောင်လည်း လက်မခံပါဘူး။ တကယ် မတရားတာတွေ လုပ်တယ် လုပ်နေတယ်ဆိုရင်တော့ ဒီဥစ္စာနဲ့ ပတ်သက် လို့ ကျနော်တို့ဘက်ကလည်းပဲ မလုပ်ရ အောင် ကျနော်တို့တားမြစ်ပါ့မယ်နော်။ ထိုက်သင့်တဲ့ တားမြစ်မှုတွေ ကျနော်တို့ လုပ်ရမှာ ပေါ့ဗျာ။ ဒီအတွက်ကတော့ စိတ်မပူပါနဲ့နော။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ လုံးဝလက်မခံတဲ့ ကိစ္စလည်း ဖြစ်တယ်။ အခုလည်းပဲ မတရားတဲ့ ဥစ္စာမျိုးမဖြစ် အောင် လုပ်ကြပါဆိုပြီးတော့မှာ ကျနော်တို့ပါတီရဲ့ တာဝန်ရှိတဲ့ လူတွေအားလုံးကိုယ်တိုင်က ဆင်းပြီးတော့မှ ပြောနေကြပါတယ်။
မေး ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ ပြည်ခိုင်ဖြိုး တို့က အဓိက ယှဉ်ပြိုင်ဘက်တွေ ပါတီတွေဆိုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီအပေါ်မှာ ဦးဌေးဦးတို့က ဘယ်လို သဘောထားရှိလဲဆိုတာ သိပါရစေခင်ဗျ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်လို့ ဒီနေ့ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံးဟာ ကျနော်တို့ USDA အသင်းဘဝကတည်းက ဒီလိုပြုပြင် ပြောင်းလဲမှုတွေဖြစ်လာအောင် ကျနော်တို့ကြိုးစားခဲ့တာပဲ။ အခု USDP ပါတီဖြစ်လာတဲ့ အခါမှာလည်း ဒီလိုပြုပြင် ပြောင်းလဲမှုတွေ အပေါ်မှာ ပိုပြီး တိုးတက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲမှာ ပါလာတယ်ဆိုရင် ကျနော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့။ ကျနော်တို့ ကိုယ်တိုင်လည်း ယုံတယ်။ ကျနော်တို့ကိုယ်တိုင်လည်း လုပ်တယ်။ ကျန်တဲ့လူတွေ လုပ်လာတယ်ဆိုရင်လည်း ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပေါ့။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါပဲ။ ဒါကြောင့် ဘယ်လို သဘောထားလဲဆိုရင် ကြိုဆိုမှာပေါ့ဗျာ။ ဒီလမ်းစဉ်က ကျနော်တို့ ယုံတဲ့လမ်းစဉ်ပဲ။ ဒါကြောင့် ဒီလမ်းစဉ်ထဲရောက်လာသူ မှန်သမျှ အားလုံးကို ကြိုဆိုမှာ ဖြစ်ပါတယ်ဗျာ။
မေး ။ ။ လက်ရှိအနေအထားမှာ အာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ အစိုးရအပေါ်မှာ သြဇာသက်ရောက်မှု မရှိဘူးဆိုတဲ့ သုံးသပ်ဝေဖန်မှုတွေ ထွက်နေတာကိုရော ဘယ်လိုပြောချင်ပါလဲ။
ဖြေ ။ ။ ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေစည်းမျဉ်းမှာ ရွေးကောက်ပွဲမှာ အများစု နေရာများများရတဲ့ ပါတီဟာ အနိုင်ရတဲ့ပါတီလို့ပဲ ပြောလို့ရပါတယ်။ တခြားနိုင်ငံရဲ့ Constitution မှာတော့ အာဏာရပါတီလို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဆီမှာတော့ အနိုင်ရတဲ့ ပါတီပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ပါတီရယ်၊ လွှတ်တော်ရယ်၊ အစိုးရအဖွဲ့ရယ်။ ပါတီဆိုတာ ကျနော်တို့ပါတီတင် မဟုတ်ပါဘူး။ ပါတီတွေ အားလုံးပါပဲ။ ပါတီအားလုံးရယ်။ လွှတ်တော်ထဲမှာရှိသော ကိုယ်စားလှယ်များရယ်၊ လွှတ်တော်တွေရယ်၊ နောက်တခါ အစိုးရအဖွဲ့ရယ်က ကိုယ့်ရဲ့ပြည်သူ ကိုယ့်နိုင်ငံကောင်းကျိုးအတွက်ကို အားလုံး ပေါင်းစပ်ညှိနိုင်းပြီးတော့မှ၊ အပြန်အလှန် ထိန်းကျောင်းပြီးတော့မှ ကျနော်တို့ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ဘယ်သူ့ ဘယ်သူမှ သြဇာလွှမ်းမိုးတယ်ဆိုတဲ့ ဥစ္စာမျိုးက ဒါမရှိနိုင်ဘူးလို့ပဲ ကျနော်တို့ယုံပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်နေကြပါတယ်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီက တပါတီ အာဏာရှင်စနစ်ဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေက ဒီမိုကရေစီပါတီတွေနဲ့ ဆက်ဆံတာကိုတော့ သိပ်မတွေ့ရသေးဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်ခိုင်ဖြိုးက ဒီမိုကရေစီလိုလားတဲ့ ပါတီလား ဆိုတာမျိုးမေးရင် ဘယ်လိုသဘောထားရှိလဲဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျနော်ထင်ပါတယ်။ ပါတီအားလုံးကတော့ ဒီမိုကရေစီရှိကြတာချည်းပါပဲ။ အနည်းဆုံး ပါတီတွင်း ဒီမိုကရေစီရှိကြတာချည်းပါပဲ။ ဘယ်စနစ်မဆို ဒီမိုကရေစီမရှိဘူးဆိုတဲ့ စနစ်မရှိဘူးလို့လည်း ကျနော်တို့ထင်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့လည်း ကျနော်တို့ ဆက်ဆံမှုရှိပါတယ်။ အလားတူပဲ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက လက်ရှိအာဏာရ ပါတီဖြစ်တဲ့ DPJ ပါတီနဲ့ရော LDP ပါတီနဲ့ရော ကျနော်တို့ ဆက်စပ်မှုတွေရှိပါတယ်။ ကျန်တဲ့ ပါတီအဖွဲ့အစည်းတွေနဲ့ရော ကျနော်တို့ ဆက်ဆံပါတယ်။ မကြာသေးခင်က အိန္ဒိယနိုင်ငံ အစိုးရကနေပြီးတော့ ကျင်းပတဲ့ အစည်းအဝေးမှာလည်း ပါတီတွေဖိတ်တဲ့ အချိန်မှာ ကျနော်တို့ ပါတီက ကျန်တဲ့ပါတီတွေနဲ့ အလားတူပဲ သွားပြီးတက်တာတွေလည်း ကျနော်တို့ ရှိပါတယ်။ ဒါကြောင့် တပါတီထဲ ဆိုတဲ့ ဥစ္စာမျိုးထက်စာရင်ကို ချမှတ်ထားတဲ့ လမ်းကြောင်းအပေါ်မှာ မူတည်ြ့ပီးတော့မှ ကောင်းတဲ့ ဥစ္စာတွေအားလုံး အတုယူပြီးတော့မှ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်ဗျာ။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အခြေခံဥပဒေကို ပြင်မယ်လို့ဆိုတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတာက ကျနော်တို့ ၂၀၀၃ ခုနှစ်မှာ မပြီးပြတ်သေးတဲ့ အမျိုးသားညီလာခံကို ကျင်းပတဲ့ အချိန်မှာ အဲဒီမှာ ပါတီအသီးသီးက လူတွေလဲပါတယ်။ အလွှာအသီးသီးက လူတွေလည်း ပါတယ်။ လူထု လူတန်းစား ပေါင်းစုံကလည်း ပါတယ်။ တိုင်းရင်းသား ပေါင်းစုံတွေလည်း ပါတယ်။ အဲဒီအထဲမှာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အချို့လည်း ပါပါတယ်။ အဲဒီမှာ အကြေအလည် ဆွေးနွေးပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ စအသက်ဝင်လာတာကလည်း ၂၀၁၀ လက်ရှိအစိုးရသစ် စတက်တဲ့ အချိန်ကြမှပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကနေပြီးတော့ စအသက်ဝင်ပြီးတော့မှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကျင့်သုံးလာတာ ဖြစ်ပါတယ်။ ကာလ ကလည်း တနှစ်ပတ်ဝန်းကျင်ပဲရှိပါသေးတယ်။ တနှစ် ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီးတော့မှ အကျိုးရှိတယ်။ မရှိဘူးဆိုတဲ့ ဥစ္စာသည် လက်တွေ့လုပ်ဆောင်ပြီးတော့မှ ပြောရမှာဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်သူ တွေရဲ့ ကိုယ်စားလှယ်တွေ အားလုံးကနေပြီးတော့မှ ဝိုင်းဝန်း ဆွေးနွေးပြီးတော့မှ အတည်ပြုပြီး ဆောင်ရွက်ထားတာ ဖြစ်တဲ့ အတွက် အဲဒီအထဲက တကယ်လို့ မသင့်တော်ဘူး လို့ထင်လို့ရှိရင် ကာလတခုကြလို့ရှိရင် ပြောင်းရင်ပြောင်းမှာပေါ့။ လောလောဆယ်တော့ တနှစ်ပဲ ရှိသေးတယ်ဆိုတော့ ပြောင်းဖို့ စောသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်ဗျာ။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေရှိတယ်လို့ သတင်းတွေထွက်နေတာတွေရှိတယ်။ ဒါတွေက တကယ်ပဲရှိနေတာလားခင်ဗျ။
ဖြေ ။ ။ မရှိပါဘူးဗျာ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် အားလုံး ၂၄ ယောက်ရှိပါတယ်။ အလားတူ ပြည်နယ်တိုင်းတွေမှာလည်း သက်ဆိုင်ရာ ဗဟိုကော်မတီဝင်တွေရှိပါတယ်။ အားလုံးက စုစုစည်းစည်းညီညီညွှတ်ညွှတ်နဲ့ပဲ ရှိပါတယ်။ သို့သော်လည်း ပါတီတွင်း ဒီမိုကရေစီအရ ကိုယ့်ရဲ့အယူအဆကို ကိုယ်တင်ပြတဲ့ ဥစ္စာတွေလည်း ရှိတာပေါ့ဗျာ။ အကုန်လုံးကနေပြီးတော့ တပြိုင်တည်း တသဘောတည်းဆိုတဲ့ ဥစ္စာထက်စာရင် ဆွေးနွေးညှိနိုင်းတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီိအပေါ်မှာ မူတည်ပြီးတော့မှ သဘောထားမညီဘူးလို့ ပြောနေကြသလားလို့ ဒီလိုပဲ ယူဆပါတယ်။ အားလုံးကတော့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ပဲ ကျနော်တို့ လုပ်ဆောင်နေကြပါတယ်ဗျာ။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဘဏ္ဍာငွေ သုံးစွဲနေမှုတွေကို အစိုးရနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုနေတာတွေကိုရော ဘယ်လိုပြောမလဲ ခင်ဗျ။
ဖြေ ။ ။ အဲဒါနဲ့ ပတ်သက်လို့ဗျာ ကျနော်တို့က အသင်းကနေပြီးတော့မှ ပါတီကို ပြောင်းလဲ ဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ် ၇ ရပ်က အောင်မြင်မယ်လို့ ကျနော်တို့ ယုံပြီးတော့မှ ကျနော်တို့ ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီမူဝါဒ လမ်းစဉ် ၇ ရပ်ရဲ့ ၂၀၁၀ ခုနှစ်မှာတော့ အထွေထွေ ရွေးကောက်ပွဲ လုပ်ခဲ့တာပေါ့။ တချိန်ချိန်ကျလို့ရှိရင်တော့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ကျနော်တို့ အသင်းသည် ပါတီ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အသင်းဘဝကတည်းက အစိုးရနဲ့ ပတ်သက်တဲ့ ငွေကြေးကိစ္စမှန်သမျှ ကျနော်တို့ ဘာမှမယူပါဘူး။ အဲဒါတွေ အားလုံးကလည်း နှစ်စဉ် စာရင်းစစ်တွေနဲ့ အစစ်ဆေးခံပြီးတော့မှ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုလည်းပဲ အစိုးရဘက်ဂျက်နဲ့ ပတ်သက်လို့ ငွေကြေးနဲ့ ပတ်သက်လို့ တစုံတရာ ကျနော်တို့ ယူတာမရှိပါဘူး။ တကယ်လို့ ပါတီကနေပြီး တော့မှ အစိုးရရဲ့ငွေကြေးကို ရယူသုံးစွဲတယ်ဆိုရင်လည်းပဲ လွှတ်တော်မှာ ဘက်ဂျက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အချိန်ကြလို့ရှိရင် ကျန်တဲ့ ပါတီတွေ ဝိုင်းဆွေးနွေးကြမှာပါပဲ။ ဒါကြောင့် လွှတ်တော်မှာ ဆွေးနွေးတဲ့ အထဲမှာ ကျနော်တို့ ပြည်ခိုင်ဖြိုးပါတီက အစိုးရဘက်ဂျက်ရဲ့ငွေကြေးကို ယူသုံးစွဲတယ် ဆိုတဲ့ ဥစ္စာနဲ့ပတ်သက်လို့ တစုံတယာက်မှ ဆွေးနွေးတာလည်း မရှိဘူး။ ကျနော်တို့ဘက်ကလည်း လုံးဝ ယူသုံးထားတာ မရှိဘူးလို့ပဲ ကျနော် ဒါလေးပြောချင်ပါတယ်။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီဆိုရင် စွမ်းအားရှင်အဖွဲ့နဲ့ မကွဲတာတွေ ရှိပါတယ်။ ဘယ်လိုပတ်သက်မှုတွေရှိလဲခင်ဗျ။
ဖြေ ။ ။ ဒီဥစ္စာနဲ့ ပတ်သက်လို့ စွမ်းအားရှင်ထဲမှာ ပြည်ခိုင်ဖြိုးတွေ ပါသလားဆိုရင် ပြည်ခိုင်ဖြိုးနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်။ ပြည်ခိုင်ဖြိုးက ဖွဲ့စည်းတာလည်း မဟုတ်ပါဘူး။ ဒါကြောင့် စွမ်းအားရှင်ဆိုတဲ့ နာမည်မျိုးက အလွယ်တကူ တပ်တာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင်ဟာ ကွဲကွဲပြားပြားဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာတော့ တကယ်လို့ လိုအပ်လို့ရှိရင် ပြည်သူ တယောက်အနေနဲ့ ဝိုင်းကူကြတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးတွေ ပါကောင်းပါနိုင်ပါတယ်။ သို့သော်လည်းပဲ စွမ်းအားရှင်နဲ့ ပြည်ခိုင်ဖြိုးသည် သီးခြားဖြစ်ပါလိမ့်မယ်။ ကျနော်သိသလောက်ကတော့ စွမ်းအားရှင်လို့ ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေဟာ ကျနော်တို့နဲ့ လုံးဝ ပတ်သက်တာတွေ မရှိပါဘူး။
မေး ။ ။ ပြည်ခိုင်ဖြိုးပါတီရဲ့ ကြွေးကြော်သံက ဘာဖြစ်မလဲဗျ။
ဖြေ ။ ။ ကျနော်တို့ရဲ့ ကြွေးကြော်သံကတော့။ အရင်တုန်းကတော့ ပါတီသည် ပြည်သူ့အတွက်၊ ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။ အခုကတော့ ပြည်သူ့အသံ၊ ပါတီရဲ့အသံ။ ပြည်သူ့ရဲ့ ဆန္ဒ၊ ပါတီရဲ့ ဆန္ဒ။ ပြည်သူ့ လိုအပ်ချက် ပါတီကနေ ဖော်ဆောင်ရွက်ဆိုတဲ့ ကြွေးကြော်သံဖြစ်ပါတယ်။

Friday, March 30, 2012

မီအေး ဇာနှစ်ခါ နာချင်လေ

အဂုဆိုကေ အားလုံးရခိုင်သူ၊ရခိုင်သားသိကတ်တယ်အတိုင်း NLD ၏ ချဲ့ထွင်မူစွာ အဂုနန့်ဆိုကေ ရခိုင်ပြည်နီရာအနှံ့ မြို့နယ် အများစုကို ရောက်ဟိလာဗျလ်။ (၁၇) မြို့နယ်စုံအောင် ရုံးဖွင့်ဖို့လို့လည်း သတင်း ကြားသိရယင့် ရုံးဖွင့်စွာတောကိစ္စမဟိ လက်ခံသားဟိလို့ဖွင့်ရေလို့ရာပြောရဖို့။ ထောက်ခံမူ ရမရဆိုစွာကိုတော ရခိုင်ပါတီခေါင်းဆောင်ရို့၏ နိုင်ငံရေး အမြင်နန့် ရှိဟောင်းနှောင်းဖြစ်တိကို ရခိုင်လူထုကို ဖွင့်ပြစည်းရုံးနိုင်စွာနန့်ဆိုင်ဖို့မလား။ စိုးရိမ်မိစွာတစ်ခုက ရခိုင်ပါတီ နှစ်ပါတီ ထိုအကြောင်းပြ ဒေအကြောင်းပြ နန့် မပေါင်းဖြစ်သိ။ စေ့စပ်ညှိနှိုင်းခါက ပါတီမှတ်ပုံတင်ပြီးကေပေါင်းဖို့ဆို မှတ်ပုံတင်ပြီးလားခဗျလ်။ (CRPP) ကိုပြန်လည်ဖွဲ့စည်းဖို့ဆိုဝါ။ အကြံတောတစ်ခုခုဟိနီလားမသိ။ (နိုင်ငံရေးကစပ်ကွက်ကို မသိနားမလည်ပဲ က-ခ အစအစုံးကို စီလို့ရီးတတ်စွာလောက်နန့် ဝေဖန်မိစွာခွင့်လွတ်ပါ။) မွန်တိ၊ သျှမ်းတိလည်း ပါတီ အဟောင်းနန့် အဂုအသစ် ပေါင်းဖို့အတွက် ပြင်နီကတ်တယ်။ မွန်ခေါင်းဆောင်တစ်ချို့ကဆိုကေ မပေါင်းကေ နှုတ်ထွက်ဖို့လို့တောင် ပြောထားယင့်။ ရခိုင်ပါတီနှစ်ဖွဲ့ခေါင်းဆောင်တိက ဇာပိုင်ပါလေ။ အခင်ကြီးရို့ သမိုင်းပီးတာဝန်ကို ကျရေနီရာက တာဝန်ယူထမ်းဆောင်နီရေဆိုစွာ ရခိုင်လူထုလက်ခံပါရေ။  ပါတီနှစ်ခု အမြင်မတူစွာလည်း ဟိပါဖို့။ ၁၉၉၀ နန့် ၂၀၁၀ မတူပါ။ ၂၀၁၅ ကျကေ ပိုလို့ကွဲပြားမူတိဟိလာပါဖို့သိ။ ယကေလည်း အခင်ကြီးရို့အားလုံး ငဲ့ညှာစီချင်စွာက ရိုးတောင်ကြီးစွာ ရိုက်နှက်ထုထောင်း ခံရဖန်များလို့ ထွက်စရာမျက်ရည်ကုန်လို့ အဂုဆိုကေ သွီးမဟုတ် မျက်ရည်မကျ ၀ါကျိကျိ အရောင်တိ စီးဆင်းနီရေဆိုစွာကိုပါ။
NLD ရခိုင်ပြည်တွင်းဝင်လာလို့ ရခိုင်လူထုက အမှန်တကယ် စိတ်ယိုင်လားဖို့လား?။ NLD ခေါင်းဆောင်ကြီး ပြည်ပကနီ အမိနီမကောင်းလို့ မြန်မာပြည်ကို အလည်လာယင်း (လမ်းကြုံလို့ ပန်းမုံကို သတင်းမိန်းယင်း) နန့် မိုးပေါ်က ကျလာရေပိုင် ကောက်တက်လာရေခေါင်းဆောင်။ ပြည်ပသတင်းဌာနတိ လီဆယ်ရီးသား ဖေါ်ပြချက် အများစုကြောင်း တစ်နိန့်တစ်ခြား ကမ္ဘာတစ်လွားကို အောင်မြင်ကျော်ကြား ထိုကဘွဲ့ပီး ဒေကဘွဲ့ပီးနန့်။ ဇာပင်ဖြစ်ဖြစ် သူ့ကိုတော မဝေဖန် မတိုက်ခိုက်လိုပါ ဘုရားမှန်း တောင်ပို့မှန်းကွဲကွဲပြားပြားမသိရသိ။ ရခိုင်လူထုက၀ါ NLD ကိုမဲထည့်ကတ်ဖို့လား တိုင်းပြည်တစ်ခုကို တစ်ပါတီတည်းစိုးမိုးလာကေ ကျွန်တော်ရို့ပြောပြောနီကတ်တယ် ကို့ပြည်ကို ကိုအုပ်ချုပ်မယ် ဖက်ဒရယ်ဆိုစွာက ဖြစ်လာဖို့လား။ ရခိုင်ပြည်သူတိ တောင်းဆိုစရာ အများကြီးဟိသိရေ အယင်ခါ ရခိုင်ပြည်မြောက်ပိုင်း ပလက်ဝ ခရိုင် ရခိုင်ပြည်ထဲမပါလိုက်ဗျလ်။ မော်တင်စွန်း၊ ဟိုင်းကြီးကျွန်း ရခိုင်ပြည်ထဲမှာ မဟိဗျလ်။ အုန်းကျွန်း (ဆင်မဖြူကျွန်း) ကုလားလက်ပါလားခဗျလ်။ ရခိုင်ပြည်လည်း ဇီးရွက်သျှေလောက် ကျန်ခဗျလ်။ ရခိုင်သမိုင်းဝင်ပစ္စည်း အပ်ကျိုးသျှေကအစ နီပူတော်ကို ယူနီဗျလ်။ မဟာမုနိဘုရား နန့် မုနိငါးဆူလည်း ရခိုင်ပြည်ကို လွမ်းနီဗျလ်။ ရခိုင်ပြည်က ထွက်တယ် ဂစ်(စ်)တိကိုလည်း တစ်ဖေ့သျှေလည်းမပီး အားလုံးကို ယူနီကတ်ဗျလ်။ တစ်ရက်နှစ်နာရီလောက်လာရေ လျှပ်စစ်မီးအတွက် တစ်လ တစ်မီတာကို တစ်ထောင်စီပီးပြီးကေ သုံးနီရရေလူထု ယင်းမီးက ပြတ်တောက်ပြတ်တောက်ဖြစ်နီလို့ ပြန်မီးလင်းလာကေ (မီးလင်းဗျလ်) လို့ အော်ယင်းနန့်ပျော်ကတ်တယ် အသျှေတိမျက်နှာလည်း အမြဲတမ်းပျော်စီချင်ဗျလ်။ ကို့ပြည်ကထွက်တယ် ဂစ်(စ်)ကို မမြင်ဖူးပဲ ပြောင်းကျေ ကိုင်မှုတ်လို့ အလှပြင်ချိန်မအားပဲ အိုးမည်း လလှူးသျှေနန့် ထမင်းချက်နီကတ်တယ် ညိုချောချော မျက်နှာသျှေတိလည်း လှချင်ဗျလ်။ ဒေချင်တိစွာ ရခိုင်သားတိ ရသင့်တောင်းသင့်ရေ အခွင့်ရေးတိမလား။
အသင်ရို့ အသည်းကြားထဲက ထည့်ပီးလိုက်တယ် NLD အတွက် မဲတစ်မဲ သင်ရို့ မဲဆန္ဒနယ် NLD ကိုယ်စားလှယ်က လွတ်တော်မှာ ဒေချင့်တိ တောင်းဆိုဖို့လား မယ်တော် မျက်နှာ အိုးမည်သုတ်ပိုင် ကျဖို့စွာကြောက်လို့။ ဥပမာ။    ။မဟာမုနိဘုရားကို မိမိဒေသရင်းဖြစ်တယ် ရခိုင်ပြည်ကို ပို့သင့်ကြောင်း လွတ်တော်မှာ NLD ရခိုင် အမတ်က တောင်းဆိုကေ တခြား NLD အမတ်တိက   မန္တလေးမြို့စွာ အချက်အချာကျလို့ နီရာတိုင်းက ဘုရားဖူးလာရစွာ လွယ်ကူကြောင်းနန့် ရခိုင်ပြည်သို့တစ်ခေါက်ဆိုကေ ၀ီးလံခေါင်ဖျားရေလို့ အကြောင်းပြဖို့မလား။ ပလက်ဝမြို့နယ်စွာ ရှိအယင်ကပင် ရခိုင်မြို့ ရခိုင့်ရှိဟောင်း နန်းတော်ရာတိနန့် တောင်ထိပ်တိုင်းမှာ ရခိုင်ဘုရင်တိ ကောင်းမူ စေတီ၊ပုထိုးတိ ဟိရေမြို့ဖြစ်လို့ ရခိုင်ပြည်ထဲထည့်ပီးသင့်ကြောင်း NLD ရခိုင်အမတ်က တင်သွင်းကေ ပလက်ဝမြို့နယ်မှာ ချင်းလူဦးရေ များပြီးကေ ရခိုင်လူဦးရေ နည်းရေလို့ရာ ပြန်ပြောဖို့မလား။ မော်တင်စွန်း၊ ဟိုင်းကြီးကျွန်း ရီးပြကေ ရှည်နီဖို့သိ ဧရာဝတီ တိုင်းထဲကဆို လားရလာရလွယ်ကူရေလို့ ဖြေရှင်းချက်ပီးဖို့စွာသေချာဗျလ်။
လွတ်လပ်ရေး အပြီးကပင် ဖဆပလ တစ်ပါတီတည်း စိုးမိုးပစ်ခ အစားမတည့်ရေအခါ နှစ်ဖွဲ့ကွဲ ရခိုင်ပြည်တွင်း ရခိုင်ပါတီကို ပြိုင်ချင်လို့ ကုလားကို ပြည်ထဲသွင်း မှတ်ပုံတင်ပီး အဂုဆိုကေ ရခိုင်ပြည်မှာ အပွား များဆုံးအရာက ကုလား ရခိုင်သားကို ဗမာ အုပ်စိုးသူ အစိုးရအဆက်ဆက်က ချစ်လည်း ချစ်တယ်ပင်။ ဗမာပြည်သို့ထွက်ပေါက် ၀င်ပေါက် အမ်းနန့် တောင်ကုတ်မှာ ကုလားမဟိရလတ်။ ရခိုင်ပြည်မှာ ဟိချင်ပိုင်ဟိလီဆိုရေဓိပ္ပါယ်မလား။ NLD ခေါင်းဆောင်ကြီးနိုဘယ်ဆုသျှင်ကိုတော အားနာပါ၏ သူကိုယ်တိုင်က ဗမာလည်း တိုင်းရင်းသားဖြစ်တယ်လို့ ၀န်ခံထားလို့။ (ဆင်မဖြူကျွန်း ရခိုင်အရေး ကိစ္စမှာ ငြိမ်နီတတ်စွာရာ) ဗမာပြည်မှာက ဘုရားကိုတစ်နားသျှေ အောက်ချထားပြီးကေ နိုဘယ်ဆုရှင်ဘာသာကို ကိုးကွယ်နီကတ်စွာမှာ ရခိုင်ပြည်ကို အနည်းနန့်အများ သာသနာ ပြုဖို့ ရောက်ကတ်ဖို့မလား တောင်ကုတ်မှာ ကြားမိလိုက်တယ် အသျှေတိကို စွတ်ပြုတ်ကျွေးလို့ သာသနာပြုစွာ စွတ်ပြုတ် ငါးရာဖို့ကျွေးကေ သတင်းတစ်ပုဒ်ဖြစ်တယ် အစကပင် လည်း ယင်းသတင်းနန့် ကမ္ဘာကပီးရေဘွဲ့ အမျိုးမျိုးကိုယူလာစွာမလား။ ဇာပင်ဖြစ်ဖြစ် သူဟိနီလို့ NLD ကို ဗမာပြည်သား ထောက်ခံမူရနီစွာ တချက် ဒေ၀ါကြီးမ မဟိရေနောက်ပိုင် NLD နှစ်ခြမ်း၊ သုံးခြမ်း မကွဲလို့ အသူပြောနိုင်ဖို့လဲ။ ယေခါမှာ အယင် ဖဆပလ ကွဲရေပိုင် ရခိုင်ပြည်တွင်း ရခိုင်ပါတီကို နိုင်ချင်လို့  ကုလားနှစ်သိန်းလောက် ကောက်မသွင်းနိုင်လို့ အသူပြောနိုင်ဖို့လဲ။ တစ်ခ်ါချ နှစ်ခါချ မိအေးနာပေါင်းများနီဗျလ်။ ဒေတစ်ခါ အချခံရကေ ရခိုင်ပြည်လည်းပျောက်လားဖို့။ ယင်းနန့် ရခိုင်သားအကျိုးကို ကာကွယ်ဖို့၊ ရခိုင်ပြည်အစိုးရကို ဇာသူ ဩဇာခံလည်းမဖြစ်ပဲ ရခိုင်သားက ဖွဲ့နိုင်ဖို့၊  ရသင့်ရထိုက်တေ အခွင့်ရေးကို တောင်းဆိုဖို့ ဆရာကြီးဒေါက်တာအေးကျော်ပြောခပိုင် ယောက္ခမအိမ်မှာ မောင်းကာချပြီးကေ နီချင်ရေစိတ်ဓာတ်ကို ဖျောက်ကတ်ပါမယ်လို့တိုက်တွန်းယင်းနန့်။
                                                                                                                                                                                                                                 အောင်မျိုးသူ(မလေးသျှား)

Monday, March 26, 2012

ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၁)-(၂)/ ကျေးဇူးတင်လွှာ

ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၁)
သို့
ခိုင်အာဏာနီ

လူကြီးမင်း၏ ALP သို့ အိပ်ဖွင့်ပေးစာနှင့် ALP ဥက္ကဌ ခိုင်ရဲခိုင်သို့ အိပ်ဖွင့်ပေးစာနှစ်ကို ဖတ်ရှုရပါသည်။ ပြောသင့်ပြောထိုက်သည်ကို ပြောသည်ဟု ယူဆသည်။

သို့ရာတွင် ကျွန်ုပ်၏ အိပ်ဖွင့်ပေးစာကား ပုံပြင်တပုဒ်ဖြစ်ပေသည်။ ပုံပြင်မှာ ရှေ့အခါက ရွာတရွာတွင် ရွာသူကြီးတယောက်နှင့် ဆိုက္ကား သမားတယောက်တို့ မှီတင်းနေထိုင်ကြလေ၏။ တနေ့သောအခါ ရွာသူကြီးသည် သူ၏ သူရင်းငှား မအားသည်ဖြစ်၍ မြက်ရိပ်သွားရလေ ၏။ မြက်များကိုရိပ်ပြီး နှစ်စည်းစည်း၍ ထမ်းပိုးတဖက်တွင် ချဉ်နှောင်ပြီး ထိုမြက်နှစ်စည်းနှင့် အလေးတူ ကျောက်တုံးတတုံးကို ထမ်းပိုး၏ အခြားတဖက်တွင် ချဉ်လျက်ထမ်းလာခဲ့၏။

လမ်းတ၀က်ခန့်တွင် ဆိုက္ကားသမားနှင့် တွေ့လေရာ ဆိုက္ကားသမားက အဲလားရွာသူကြီး ကျွန်ုပ်စကားတခွန်း ပြောချင်ပါသည်။ ပြောခွင့်ပြုပါဟု ဆိုလေ၏။ ထိုအခါ ရွာသူကြီးက ပြော… ပြော… ဟုဆိုလေ၏။ အဲ… ရွာသူကြီး ကျောက်တုံးကိုပစ်ချလျက် မြက်နှစ်ထုံးကို တဖက်တထုံးစီချဉ်လျက် ထမ်းလျှင် တ၀က်ပေါ့သွားမည်ဟု ဆိုလေ၏။

ထိုအခါ ရွာသူကြီးက အဲ…အဲ… မင်းအကြံပေးသည်မှာ အလွန်ကောင်းလှသည်ဟု ၀န်ခံပြီး ဆက်လက်ထမ်းသွားလေ၏။ ယင်းအခါ ဆိုက္ကားသမားက ဆိုပြန်၏။ အို… ရွာသူကြီး ကောင်းသည်ဟုလည်း ဆို၏။ ဆက်လက်၍ အဘယ့်ကြောင်း အလေးခံလျက် ထမ်းသွားသနည်းဟု ဆိုလေ၏။

ထိုအခါ ရွာသူကြီးက ပြန်ပြောသည်မှာ “ငါက ရွာသူကြီး သင်ကားဆိုက္ကားသမား။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆိုက္ကားသမား၏ စကားကို ရွာသူကြီးလိုက်နာသည်ဟု ရာဇ၀င်အတွင် မခံနိုင်”ဟု ပြောဆိုကာ အလေးခံ၍ ဆက်လက်ထမ်းသွားလေ၏။

ဤဥပမာနှင့်တူစွာ လူကြီးမင်း၏ စကားကို ထိုထိုသော ALP ရွာသူကြီးများ၊ ဆယ်အိမ်ခေါင်းများ၊ ပြည်ရွာကောင်စီ ဥက္ကဌများသည် နားထောင်လိုက်နာမည်လား မဆိုတတ်ပြီ။

 ဓမ္မဒဿ
ရခိုင်ပြည်
------------------------------------------------------------------------
ခိုင်အာဏာနီသို့ အိပ်ဖွင့်ပေးစာ (၂)

သို့
ခိုင်အာဏာနီ

လူကြီးမင်း၏ ALP သို့ အိပ်ဖွင့်ပေးစာ နှစ်စောင်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်လည်း စာရေးချင်စိတ် ပေါက်လာကာ ဤအိပ်ဖွင့်ပေးစာကို ရေးဖြစ်ပါသည်။

ကျွန်ုပ်၏ အိပ်ဖွင့်ပေးစာသည် ယခင်ကပေးစာအမှတ်(၁)ကဲ့သို့ပင် ပုံပြင်တပုဒ်ဖြစ်ပါ၏။

တရံရောအခါက လူတယောက်သည် ကန္တာရ ခရီးတခုကိုဖြတ်သန်းလျက် ခရီးသွားရန် ပြင်ဆင်နေ၏။ ယင်းကိုအခြားတယောက်က မြင်လေရာ ကျွန်ုပ်လည်း ဤခရီးကိုသွားရန် ကြံနေသည်။ မိတ်ဆွေနှင့်အတူတကွ လိုက်ပါရစေဟု ခွင့်တောင်း၏။ ထိုအခါ ခရီးသွား ပုဂ္ဂိုလ်က အဖေါ်ရသည်ဖြစ်သဖြင့် ခွင့်ပြုကာအတူတကွ သွားကြလေ၏။

ပထမခရီးသွား ပုဂ္ဂိုလ်တွင် ရေခရားလေးတလုံးရှိသည်ကိုမြင်၍ မိတ်ဆွေလမ်းတွင် သောက်သုံးရအောင် ထိုခရားကိုရေဖြည့်၍ ယူဆောင်ပါရစေဟု ဒုတိယပုဂ္ဂိုလ်က ခွင့်တောင်းပြန်၏။ ပထမပုဂ္ဂိုလ် ခွင့်ပြုဖြစ်၍ ခရားကိုရေဖြည့်လျက် ယူဆောင်ခဲ့လေ၏။

ခရီးအတော်အတန်ပေါက်၍ ညောင်းညာလာသောအခါ ထိုခရီးသွားနှစ်ဦးသည် အရိပ်ကောင်းရာတခုတွင် တထောက်နားကြလေ၏။ ထိုအခါ ပထမခရီးသွားပုဂ္ဂိုလ်က ခရားကိုပေးပါ… ရေဆာလှသည်ဟု ဆိုလေ၏။ သို့ရာတွင် ဒုတိယပုဂ္ဂိုလ်က ခရားရှင်သို့ခရားမပေး။ ကျွန်ုပ်သောက်ပြီးမှသာ ပေးမည်ဟုဆို၏။ ထိုအခါ ပထမခရီးသွားပုဂ္ဂိုလ်က ခရား၏ပိုင်ရှင်သည် ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သောက်ပြီးမှ သင်သောက်ပါဟု ဆိုလေ၏။

ထိုနောက်ဒုတိယ ခရီးသွားသူက ခရားရှင်သည် သင်ဖြစ်သော်လည်း ရေပိုင်ရှာကား ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သောက်ပြီးမှ သင်သောက် ရမည်ဟု ဆိုလျက်အငြင်းအခုံ၊ အလုအငင်ဖြစ်ကြလေ၏။ ထိုစဥ်ခရားသည် မှောက်ကျလျက် ရေအားလုံးဖိတ်ကျကုန်လေ၏။

ထိုဒေသတွင်း မိုးခေါင်သည်ဖြစ်၍ နှစ်ပေါင်းများစွာ ရေကိုစောင့်စားနေသော အပြုစားခံ ဘီလူးတဦးသည်ရှိ၏။ ထိုဘီးလူးသည် မုန်ညင်းစေ့ပမာဏ အရွယ်ဖြင့် အပြုစားခံရသည်ဖြစ်လျက် ဖုန်မှုံ့များကြားတွင် အောင်းခိုလျက်ရှိနေခဲ့လေ၏။ ခရီးသွားနှစ်ဦးတို့၏ ရေခရားမှောက်ကျသဖြင့် ရေစိုသည်ဖြစ်ရကာ ထိုဘီလူးသည် ယခင်ကအတိုင်း ဖြစ်လာပြီး တန်ခိုးသတ္တိများ ပြည့်လာကာ ခရီးသွားနှစ်ဦး ရှေ့တွင်ပေါ်လာလေ၏။

ဘီးလူးက သင်တို့၏ ကျေးဇူးသည် များလှစွာ၏။ ကျွန်ုပ်သည် သင်တို့၏ဆန္ဒကို ဖြည့်စွမ်းရန်အသင့်ဖြစ်သည်။ လိုရာကိုတောင်းလောဟု ဆိုလေ၏။ ခရီးသွားနှစ်ဦးလည်း ရေဆာလှသည်ဖြစ်သောကြောင့် ရေခရားကိုရေဖြည့်ပေးရန် တောင်းကြလေ၏။ ရေပြည့်လေလျင် ယခင်ကကဲ့သို့ ရန်ဖြစ်ကြပြီး မှောက်ကျဖိတ်စင်ကုန်လေ၏။ ထိုအခါ ဘီလူးကဆိုပြန်သည်မှာ သင်တို့ရန်မဖြစ်ကြလော၊ သင်တို့ကို ငါနောက်ဆုံးအနေနှင့် ခွင့်ပေးဦးမည်။ ပထမတောင်းသူသည် မည်သည့်အရာကိုတောင်းသည်ဖြစ်စေ၊ မတောင်းသေးသူ ဒုတိယ လူသည် ယင်းထက်နှစ်ဆကို ရစေမည်ဟု ဆိုပြန်လေ၏။

ထိုအခါ ဒုတိယခရီးသွားသူက သူသည်ပင်ပထမတောင်းမည်ဟုဆိုလျက် ကျွန်ုပ်၏ မျက်စိတဘက်ကိုကန်းအောင်လုပ်ပေးပါဟူသော ဆုကိုတောင်းလျက် ရေခရားပိုင်ရှင် ပထမခရီးသွားပုဂ္ဂိုလ်ကိုယ်ကို မျက်စေ့နှစ်ဘက်ကန်းစေသော ဆုကိုတောင်းခဲ့လေသတတ်။

ဤပုံပြင်တွင် ဒုတိယခရီးသွား ပုဂ္ဂိုလ်လူမိုက်သည် မိမိ၏ကျေးဇူးရှင် ခရီးသွားဖေါ်၊ ရေအိုးပိုင်ရှင်ကို အတိုက်အခံပြု ရန်ရှာလျက် မျက်စိ နှစ်လုံး ကန်းစေသကဲ့သို့ ALP ၏ ပထမခရီးသွားပုဂ္ဂိုလ်တို့ကို ဒုတိယခရီးသွားများကမိမိမျက်စိတလုံးကိုအဆုံးခံလျက်မျက်စိနှစ်လုံး ကန်းစေမည်လော မပြောတတ် နိုင်ပြီ။
                                                                                                                                   
ဓမ္မဒဿ
ရခိုင်ပြည်
-----------------------------------------
ကျေးဇူးတင်လွှာ

* ကျွန်ုပ်အား ကိုလိုနီကျွန် အနှောင်အဖွဲ့အတွင်း ထားပစ်ခဲ့သူများကို ကျေးဇူးတင်ပါသည်။

* သင့်အား ကိုလိုနီကျွန် အနှောင်အဖွဲ့အတွင်း ထားပစ်ခဲ့သူများကို သင်လည်းကျေးဇူးတင်လိုက်ပါသည်။

* (၁) သင်သည် စာရေးသူတယောက် ဖြစ်နေခဲ့လျှင် ဖိလစ်ပိုင် သူရဲကောင်း ရီဇော် ကဲ့သို့ သူရဲကောင်းဖြစ်ခွင့်ကိုလည်း
ထားခဲ့သည့်အတွက်။

* (၂) သင်သည် ရဲဘော်တယောက်ဖြစ်ခဲ့လျှင် တရုတ်သူရဲကောင်း အိုယန်ဟိုင် ကဲ့သို့ သူရဲကောင်းဖြစ်ခွင့်ကိုလည်း
ထားခဲ့သည့်အတွက်။

* (၃) သင်သည် ခေါင်းဆောင်တယောက် ဖြစ်ခဲ့လျှင် ဗိယက်နမ် သူရဲကောင်း ဟိုချီမင်း ကဲ့သို့ လွတ်လပ်ရေး ဗိသုကာတယောက်     
ဖြစ်ခွင့်ကိုလည်း ထားခဲ့သည့်အတွက်။

* (၄) သင်သည် ရိုးရိုးပြည်သူတယောက် ဖြစ်ခဲ့လျှင် ကျွန်စနစ်၏ ခါးသီးမှုနှင့် လွတ်လပ်ရေး အသီးအပွင့်၏ ချိုမြိန်မှုတို့ကို
နှိုင်းယှဉ် ခံစားရတော့မည့်အတွက်။

* (၅) သင်သည် ဗိသုကာ ပညာရှင်တယောက်ဖြစ်လျှင် ရခိုင်ပြည်သစ်၏ လွတ်လပ်ရေး ဗိမ္မာန်ကို ကိုယ်တိုင် တည်ဆောက်
ရတော့မည့်အတွက်။

* (၆) သင်သည် တော်လှန်ရေးသမားတဦး ဖြစ်နေခဲ့လျှင် ရခိုင်ပြည်၏ လွတ်လပ်ရေးကို ကိုယ်တိုင်ရယူပီးသူထဲက တယောက်ဖြစ်ရ
တော့မည့်အတွက်။

*  စသည့် စသည်တို့အတွက် - သင့်အား ကိုလိုနီကျွန်အနှောင်အဖွဲ့အတွင်း ထားစ်ခဲ့သူများကို ကျေးဇူးတင်လိုက်ပါ။


ဓမ္မဒဿ
ရခိုင်ပြည်။

Friday, March 23, 2012

မြန်မာနိုင်ငံတွင် ကျင်းပပြီးခဲ့သော ရွေးကောက်ပွဲများကို စစ်တမ်းထုတ်ကြည့်ခြင်း - အပိုင်း (၄)

သန်းဝင်းလှိုင်မတ်လ ၁၆၊ ၂၀၁၂

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ပါလီမန်ပြည်သူ့လွှတ်တော်ရွေးကော
က်ပွဲကို ၁၉၅၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၌ ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် တပြည်လုံးမဲဆန္ဒနယ် ၂၅၀ အနက် ၂၂၀ တွင် တပြိုင်တည်းကျင်းပခြင်းဖြစ်သည်။
ရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်း ၂၂၀ နှင့် အခြားပါတီအဖွဲ့အစည်းပေါင်းစုံမှ အမတ်လောင်း ၃၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခုရွေးကောက်ပွဲ၌ ဖဆပလ၏ အဓိကပြိုင်ဘက်အဖြစ် အတိုက်အခံပါတီများပေါင်းစည်းထားသော
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ပမညတအဖွဲ့ ပေါ်ပေါက်လာသည်။ ပမညတအဖွဲ့မှာဗမာနိုင်ငံလုံးဆိုင်ရာတို့ဗမာအစည်းအရုံး၊  ပြည်သူ့ညီညွတ် ရေးပါတီ၊ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု၊ ဗမာပြည်အလုပ်သမားလယ်သမားပါတီ (ဆိုရှယ်နီ)၊ ဗမာပြည်အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဘီတီယူစီ)၊ တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး (တလညစ)၊ ပြည်သူ့လူငယ်အဖွဲ့ချုပ်၊
တရားမျှတမှုအဖွဲ့၊ မွန်တိုင်း ရင်းသား အစည်းအရုံး၊ ကရင်အမျိုးသားခေါင်းဆောင်သော မန်းထွန်းရင်အစရှိသော တသီးပုဂ္ဂလများ၊ နိုင်ငံရေးပါတီများ၊ လူထုလူတန်း စားအဖွဲ့အစည်းများ၊
လူမျိုးစုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

ပမညတ၏ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များမှာ ဝိဓူရသခင်ချစ်မောင်၊
သခင်လွင်၊ သခင်လှကျွေ၊ ဦးသိန်းဖေမြင့်၊ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၊
ဦးဘငြိမ်း၊ တရားရေးဝန်ကြီးဟောင် ဦးအေးမောင်၊ ဦးဘထွန်းစသည်တို့ဖြစ်သည်။
ပမညတသည် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင်
ပါတီအဖွဲ့အစည်းခေါင်းဆောင်များ လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ ၁၈ ရက်တွင်
တရားဝင်အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်
ရွေးကောက်ပွဲမတိုင်မီမှာပင် မြေပြန့်ချင်းအမျိုးသားအစည်းအရုံး၊
ပြည်သူ့သံမဏိပါတီ၊ လူငယ်တပ်ဦးနှင့် အမှုထမ်းသမဂ္ဂဥက္ကဌဟောင်း
ဦးထွန်းအောင်ကျော်တို့လည်း ပူးပေါင်းပါဝင်လာကြသည်။

ဖဆပလသည် ကျင်းပတော့မည်ဖြစ်သော ရွေးကောက်ပွဲအနိုင်ရရေးအတွက်
နည်းအမျိုးမျိုးဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်။ အနှစ်လေး ဆယ်
ဖဆပလအာဏာတည်ရမည်ဟူသော ကြွေးကြော်သံဖြင့် စည်းရုံးလှုံ့ဆော်ခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ဖဆပလ သြဇာခံမဟုတ်သော ခရိုင်ဝန်များကို
နယ်ပြောင်းခြင်း၊ ဖဆပလနှင့် ယှဉ်ပြိုင်အရွေးခံမည့် အမတ်လောင်းများဘက်မှ
ဆောင်ရွက်သူများကို ဖမ်းဆီးခြိမ်းခြောက်ခြင်း စသည့်
အာဏာအလွဲသုံးစားမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။ ပမညတအမတ်လောင်း
သခင်လွင်ကလည်း ၎င်းအတွက် ဆောင်ရွက်ပေးနေသော ရဲဘော်လေးဦးအသတ်ခံရမှုကြောင့်
မဲဆန္ဒရှင်များ၏လုံခြုံမှုကို မရနိုင်၊ တရားမျှတသော ရွေးကောက်
ပွဲမဖြစ်နိုင်ဟုယူဆသဖြင့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန်
တောင်းဆိုခဲ့သည်။ မအူပင်တောင်ပိုင်း ညောင်တုန်းနှင့် ဓနုဖြူနယ်တွင်လည်း
ပမညတအမတ်လောင်း ဦးဘရင်သည် ပျူစောထီးများ၏
ခြိမ်းခြောက်အန္တရာယ်ပေးမှုကြောင့် လူမျိုးစုရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့သည်။ ၎င်းအပြင် တရားမျှတသောရွေးကောက်ပွဲကျင်းပပေးရေးအတွက်
တိုင်ကြားစာများလည်း ပေးပို့တင်ပြကြသည်ကို တွေ့ရသည်။ ရွေး ကောက်ပွဲအတွင်း
အတိုက်အခံအမတ်နှင့် ကေဒါအချို့မှာ ပျူစောထီးကာကွယ်ရေးတပ်များ၏
လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်ဟု ဆိုသည်။

၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မင်းလှ၊ စစ်ကွင်း၊
တာဆုံအနီး ရွေးကောက်ပွဲကို အကြောင်းပြု၍ လူသတ်ပွဲကြီးဖြစ်ပွားခဲ့ ရာ
လွန်စွာအရုပ်ဆိုးခဲ့သည်။ အသတ်ခံရသူများမှာ ပမညတဘက်မှ ရဲဘော်ဘလှိုင်၊
ရဲဘော်ခင်မောင်ကြီး၊ ရဲဘော်တင်ဦး၊ ရဲဘော်ညိုအေး တို့သည်
နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း အသတ်ခံရခြင်းဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကြီးတွင် ဖဆပလအဖွဲ့ချုပ်ကြီး နှင့်အတူ ပမညတ၊
သခင်ဗစိန်၏ ဗမာပြည်ဒီမိုကရက်တစ်ပါတီ၊ ဒေါက်တာဘမော်၏ အမျိုးသားအုပ်စုတို့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရွေးကောက်ပွ္ပဲ၌ ဖဆပလပြီးလျှင် ပမညတသည် အင်အားအကောင်းဆုံး
အတိုက်အခံပါတီဖြစ်သည်။ ပမညတသည် ပြည်တွင်းစစ်မုချရပ်စဲရ မည်ဟူသော
ပြည်တွင်း ငြိမ်းချမ်းရေးကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။
၎င်းအပြင် ဖဆပလ၏ ပြည်တွင်းငြိမ်းချမ်းရေးသဘောထားကိုဝေဖန်ကာ
တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန်
အရေးဆိုခဲ့သည်။

ရွေးကောက်ပွဲတွင် ဖဆပလက အနှစ် ၄၀ အာဏာတည်မြဲရမည်ဟူသော ကြွေးကြော်သံဖြင့်
စည်းရုံးခဲ့သည်။ ရွေးကောက်ပွဲတွင် ဖဆပလ အနိုင်ရရှိသော်လည်း ပမညတနှင့်
မဲအရေအတွက်မှာ များစွာမကွာခြားလှပေ။ ရွေးကောက်ပွဲတွင် ဖဆပလမှ ၁,၇၄၃,၈၁၆
မဲရရှိခဲ့ပြီး၊ ပမညတမှ ၁,၁၃၉,၂၈၆ မဲရရှိခဲ့သည်။

အမတ်နေရာအားဖြင့် ဖဆပလသည် အမတ်နေရာ (၁၄၄) နေရာ၊ ပမညတမှ အမတ်နေရာ
(၄၆)နေရာ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်မှ အမတ် နေရာ (၆) နေရာ၊
တသီးပုဂ္ဂလအမတ်နေရာ (၉) နေရာ အသီးသီးရရှိခဲ့သည်။ ပမညတ အမတ်နေရာ (၄၆) နေရာ
ရရှိလာမှုသည် ဖဆပလ၏ စည်းရုံးရေးကျဆင်းမှုကို ဖော်ပြနေသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တဖက် တဖက် အပြန်အလှန်စွပ်စွဲမှုများလည်း
ရှိခဲ့သည်။ ပမညတက ဖဆပလသည် စစ်တပ်နှင့် ပျူစောထီး များကြောင့်
အနိုင်ရရှိသည်ဟုစွပ်စွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၁၇
ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တွင်လည်း ဝါးခယ်မမြောက်ပိုင်း
လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ပြီးခဲ့သောရွေးကောက်ပွဲတွင် အစိုးရသည်
ဒီမိုကရေစီကို မယုံကြည် အောင် ပြုမူနေကြောင်း၊ မဲရုံအရာရှိများသည်
အရည်အချင်းညံ့ဖျင်းသည့်အပြင် အတိုက်အခံအမတ်လောင်းများအား မတရားပြုမူခဲ့ကြ
ကြောင်း၊ စစ်တပ်က ခြိမ်းခြောက်အတင်းအဓမ္မ မဲထည့်ခိုင်းကြောင်း
တင်ပြခဲ့သည်။ ထို့အပြင် ဖဆပလမဲရရှိရေးအတွက် ပျူစောထီး ခေါ်
ခါးပိုက်ထောင်တပ်များကိုအသုံးပြုကာ
ဒီမိုကရေစီလွတ်လပ်ခွင့်ကိုပယ်ဖျက်သောကြောင့် မတရားရွေးကောက်ပွဲဖြစ်သည်ဟူ၍
စွပ်စွဲခဲ့ကြ သည်။ ဖဆပလကလည်း ပမညတသည် ငွေကို
ရေလိုသုံးနိုင်သောကြောင့်လည်းကောင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်၍
မဲထည့်ခိုင်းသော ကြောင့် မဲအနိုင်ရရှိသည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။

ထို့နောက် ၁၉၅၆ မေလ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သော
လူမျိုးစုလွှတ်တော်ရွေးကောက်ပွဲ ဖဆပလအမတ်များသည် အပြတ်အသတ်
အနိုင်ရရှိခဲ့သည်။

သို့သော် ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင်
ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်၍ ဖဆပလဥက္ကဌအဖြစ်သာ ဆောင်ရွက် နေသောကြောင့်
၁၉၅၆ ရွေးကောက်ပွဲပြီးနောက် ဦးဗဆွေဦးဆောင်၍ ၁၉၅၆ ခုနှစ်၊ ဇွန်လ (၅)
ရက်နေ့တွင် အစိုးရအသစ်ကို ဖွဲ့စည်းခဲ့သည်။ အစိုးရသစ် အဖွဲ့ဝင်များမှာ -

(၁) ဦးဗဆွေ - ဝန်ကြီးချုပ်၊ ကာကွယ်ရေးနှင့် အမျိုးသားစီမံကိန်းဌာန
(၂) စဝ်ခွန်ချို - ဒုဝန်ကြီးချုပ် - ၁၊ နိုင်ငံခြားရေး၊ ရှမ်းပြည်နယ်ရေးရာဝန်ကြီး။
(၃) ဦးကျော်ငြိမ်း - ဒု ဝန်ကြီးချုပ် -၂၊ ပြည်ထောင်စုစီးပွားရေးဌာန။
(၄) သခင်တင် - ဒု ဝန်ကြီးချုပ် - ၃၊ လူမှုရေးရာဌာန။
(၅) သခင်သာခင် - ပြည်ထဲရေးဌာန။
(၆) ဦးခင်မောင်လတ် - တရားရေးဌာန။
(၇) ဗိုလ်ခင်မောင်လေး - ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန။
(၈) ဦးဘစော - သာသနာရေး၊ လူမှုဝန်ထမ်းနှင့် လူထုပညာရေးဌာန။
(၉) ဗိုလ်ခင်မောင် - စက်မှုလက်မှုဌာန။
(၁၀) ဦးရာရှစ် - သတ္တုတွင်းဌာန။
(၁၁) သခင်တင်မောင် - လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဌာန။
(၁၂) ဦးတင် - ကုန်သွယ်မှုတိုးတက်ရေးနှင့် ရိက္ခာထောက်ပံ့ရေးဌာန။
(၁၃) ဦးထွန်းဝင်း - သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဌာန။
(၁၄) ဦးဝင်းမောင် - ဆိပ်ကမ်း၊ ရေကြောင်း၊ လေကြောင်းနှင့်
ကမ်းရိုးတန်းဆက်သွယ်ရေးဌာန။
(၁၅) ဗိုလ်မင်းခေါင် - မီးရထား၊ ပ.ရ.သ.ဖ၊ ယူဘီအေ၊ စာတိုက်နှင့်ကြေးနန်းဌာန။
(၁၆) ဦးထွန်းတင် - ပညာရေးနှင့်ယဉ်ကျေးမှုဌာန။
(၁၇) ဒေါက်တာစိန်ဘန်း - ကျန်းမာရေးဌာန။
(၁၈) စဝ်ထွန်းအေး - ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန။
(၁၉) ဦးရှိန်ထန်း - ပြန်လည်ထူထောင်ရေးဌာန။
(၂၀) ဦးတင်ညွှန့် - အလုပ်သမားဌာန။
(၂၁) သခင်စံမြင့် - လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန။
(၂၂) သခင်ပန်းမြိုင် - ဒီမိုကရေစိဒေသန္တရာအုပ်ချုပ်ရေးဌာန။
(၂၃) စောအောင်ပ - လမ်းလုပ်ငန်းနှင့် အိမ်ရာဆောက်လုပ်ရေးဌာန။
(၂၄) သခင်ချစ်မောင် (မြန်အောင်) - ပြန်ကြားရေးဌာနတို့ဖြစ်သည်။

ယင်းနောက် ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ဥက္ကဌ
ဦးနုက ဝန်ကြီးချုပ်ရာထူးပြန်လည်ရယူ၍ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၂၈
ရက်နေ့တွင် ဦးနုဦးဆောင်သည့် အစိုးရအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
အစိုးရသစ်အဖွဲ့ဝင်များမှာ -
(၁) ဦးနု - နိုင်ငံတော်ဝန်ကြီးချုပ်
(၂) ဦးဗဆွေ - ဒု ဝန်ကြီးချုပ်၊ ကာကွယ်ရေးဌာန။
(၃) စဝ်ခွန်ချို - ဒု ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဌာနနှင့် ရှမ်းပြည်နယ်ဌာန။
(၄) ဦးကျော်ငြိမ်း - ဒု ဝန်ကြီးချုပ်၊ အမျိုးသားစီးပွားရေးဌာန။
(၅) သခင်တင် - ဒု ဝန်ကြီးချုပ်၊ ပြည်သူ့လုပ်ငန်းဌာန။
(၆) ဒေါက်တာစောလှထွန်း - ကရင်ပြည်နယ်ဌာန
(၇) ဦးဇန်ထားဇင် - ကချင်ပြည်နယ်ဌာန
(၈) စဝ်ဝဏ္ဏ - ကယားပြည်နယ်ဌာန
(၉) ဦးဇာရဲလျှန် - ချင်းရေးရာဌာန
(၁၀) ဦးတင် (မြန်မာ့အလင်း) - ကုန်သွယ်မှုတိုးတက်ရေးဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဌာန။
(၁၁) ဗိုလ်ခင်မောင်ကလေး - ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန
(၁၂) ဦးခင်မောင်လတ် - တရားရေးဌာနဝန်ကြီး။
(၁၃) သခင်ကျော်ဒွန်း - လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာဌာန။
(၁၄) သခင်သာခင် - ပြည်ထဲရေးဌာန။
(၁၅) ဦးရာရှစ် - သတ္တုတွင်းဌာန။
(၁၆) ဗိုလ်မင်းခေါင် - သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဌာန။
(၁၇) ဦးဘစော - လူမှုဝန်ထမ်းနှင့် သာသနာရေးဌာန။
(၁၈) ဦးရှိန်ထန်း - ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန။
(၁၉) ဦးထွန်းဝင်း - သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဌာန။
(၂၀) သခင်ချစ်မောင် (မြန်အောင်) - ပြန်ကြားရေးဌာန။
(၂၁) ဦးအောင်ပ - ရေကြောင်းနှင့် မြို့ပြလေကြောင်းဌာန။
(၂၂) ဆမားဒူးဝါးဆင်ဝါးနောင် - ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးနှင့်
ပြန်လည်ထူထောင်ရေးဌာန။
(၂၃) ဦးတင်ညွှန့် - အလုပ်သမားဌာန။
(၂၄) သခင်တင်မောင် - ပြည်သူ့လုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးဌာန။
(၂၅) သခင်စံမြင့် - လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဌာန။
(၂၆) ဗိုလ်ခင်မောင် - စက်မှုလက်မှုဌာန။
(၂၇) မဟာသရေစည်သူ စဝ်ထွန်းအေး - လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန။
(၂၈) ဦးထွန်းတင် - ပညာရေးနှင့် ပြည်ထောင်စုယဉ်ကျေးမှုဌာန။
(၂၉) ဒေါက်တာစိန်ဘန်း - ကျန်းမာရေးဌာနတို့ဖြစ်ကြသည်။

၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါလီမန်လူမျိုးစုလွှတ်တော်
တွဲဖက်ညီလာခံကိုကျင်းပခဲ့ရာ ညီလာခံမှာ နိုင်ငံတော်သမ္မတအဖြစ်
မန်းဝင်းမောင်ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၁၉၅၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပါလီမန်လွှတ်တော်ကို ဆက်လက်ကျင်းပရာ
အစည်းအဝေး၌ ပ.မ.ည.တ အမတ် ဒေါက်တာအေးမောင် (ပြည်မြို့) က အစိုးရအပေါ်
အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဝိဓူရသခင်ချစ်မောင်အပါအဝင် အမတ် (၁၀) ဦး
ထောက်ခံခဲ့သည်။ အဆို ကို မတ်တပ်ရပ်ဆန္ဒယူသည်။ အဆိုကိုသဘောမတူသူများသဖြင့်
အဆိုဘက်မှရှုံးနိမ့်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်သူ့
လွှတ်တော်ပါလီမန်တွင် အစိုးရအား ပထမဆုံးအကြိမ် အယုံအကြည်မရှိအဆို
တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက်လွတ်လပ်ရေး ရရှိပြီးနောက် ညီညွတ်ခိုင်မာစွာရပ်တည်ခဲ့သော
ဖဆပလအဖွဲ့ကြီး နိုင်ငံရေးဝါဒသဘောထားများ၊ ပုဂ္ဂိုလ်ရေးအာဃာ တ
တရားများကြောင့် ၁၉၅၈ ခုနှစ် မေလ ၆ ရက်နေ့ ဖဆပလအဖွဲ့ကြီးသည် နုတင်အုပ်စု၊
ဆွေ-ငြိမ်းအုပ်စုဟူ၍ နှစ်ခြမ်းကွဲသွားလေသည်။
ဖဆပလသန့်ရှင်းရေးလုပ်ချင်သည့် ဦးနုနှင့်သခင်တင်အုပ်စုကို
သန့်ရှင်းဖဆပလဟူ၍လည်းကောင်း၊ ဖဆပလတည်မြဲရေးကြိုးပမ်းခဲ့သော ဦးဗဆွေနှင့်
ဦးကျော်ငြိမ်းအုပ်စုကို တည်မြဲဖဆပလဟူ၍ လူထုက ကင်ပွန်းတပ်ခဲ့သည်။

သန့်ရှင်း၊ တည်မြဲ အကွဲအပြဲသည် အစိုးရအဖွဲ့အတွင်းသာမက ဌာနဆိုင်ရာအတွင်း၊
လူထုလူတန်းစားအဖွဲ့အစည်းအတွင်း တပြည်လုံးကို ဂယက်ရိုက်ခတ်ခဲ့သည်။

၁၉၅၈ခုနှစ် ဇွန်လ ၄ရက်နေ့တွင် ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလသည်
အစိုးရအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၁၉၅၈ခုနှစ် ဇွန်လ
၅ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံပါလီမန် (ဒုတိယပြည်သူ့လွှတ်တော်)
ညီလာခံအထူးအစည်းအဝေးကို ကျင်းပခဲ့ရာ အစည်းအဝေးတွင် တည်မြဲဖဆပလအဖွဲ့မှ
ဦးဗဆွေက ဦးနုအစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းခွင့် လွှတ်တော်သို့
တောင်းခံခဲ့သည်။ လွှတ်တော်ဥက္ကဌက အဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသူများ၊
မတ်တပ်ရပ်ဆန္ဒယူရာ အမတ် ၅၀ ကျော် မတ်တပ်ရပ်သဖြင့် အဆိုကို လွှတ်တော်က
တနင်္လာနေ့ (၁၉၅၈ခုနှစ် ဇွန်လ ၉ရက်) တွင် ဆွေးနွေးခွင့်ပြုမည်ဟု
ကြေညာခဲ့သည်။

ထို့နောက် ၁၉၅၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ
ပါလီမန် (ဒုတိယပြည်သူ့လွှတ်တော်) ညီလာခံ အထူးအစည်း အဝေးကျင်းပရာ ဦးဗဆွေက
ဦးနုသည် ဖဆပလနှင့် ပြည်ထောင်စုပြိုကွဲအောင် လုပ်နေခြင်း၊ ဖဆပလလမ်းစဉ်ကို
သွေဖည်နေခြင်း၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုကို
အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွဲနေခြင်း၊ မြန်မာ့လွတ်လပ်ရေးကို
ကြီးမားသော အန္တရာယ်ဖြစ်အောင် လုပ်ဆောင်နေခြင်း၊
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဥပဒေများကို
မိမိအာဏာတည်မြဲရေးအတွက် စက္ကူစုတ်ဖြစ်အောင် ဖောက်
ဖျက်လုပ်အောင်နေသည့်အတွက် ဦးနုအစိုးရကို အယုံအကြည်မရှိအဆိုကို
တင်သွင်းရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ အယုံအကြည် မရှိအဆိုကို
လွှတ်တော်၌ အမတ် ၂၄၈ ဦးရှိသည့်အနက် ၂၄၆ ဦးက မဲပေးခဲ့ကြသည်။
လွှတ်တော်ဥက္ကဌက မဲမပေးဘဲ ကြားနေခဲ့သလို မအူပင်အမတ် ဦးဘဦးက
နှုတ်ထွက်သွားသည့်အတွက် ၂၁ မဲ လျော့နည်းသွားခြင်းဖြစ်သည်။

ဦးဗဆွေတင်သွင်းသောအဆိုကို အချေအတင် ဆွေးနွေးကြပြီးနောက် ထောက်ခံသူ၊
ကန့်ကွက်သူ ဆန္ဒမဲပေးရာတွင် ဗြောင်မဲပေးစနစ်ကို ကျင့်သုံးရာ
အဆိုကိုထောက်ခံသူက ၁၁၉ မဲ၊ ကန့်ကွက်သူက ၁၂၇ မဲ ရရှိခဲ့သည်။ ထိုသို့
အဆိုကို (၈) မဲဖြင့် ရှုံးနိမ့်သွားသည့်အတွက် ဦးနု ဦးဆောင်သော
အစိုးရအဖွဲ့သည် အာဏာဆက်လက်တည်မြဲခဲ့သည်။

အယုံအကြည်မရှိအဆိုကို အနိုင်ရရှိပြီးနောက် ဦးနုသည် အစိုးရအဖွဲ့ကို
ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပမညတ မဲ (၄၄) မဲဖြင့် အနိုင်ရ
ရှိခဲ့သောကြောင့် ပမညတခေါင်းဆောင်တဦးဖြစ်သူ ဦးအေးမောင်ကို
တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ရခိုင်အမတ် (၆) ဦးထဲမှ
(၃)ဦးကိုလည်း ဝန်ကြီးနေရာများ ပေးခဲ့ရသည်။

သန့်ရှင်းဖဆပလအစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မှူးအောင် ဖြစ်လာခဲ့သည်။ ပြည်ထဲရေးဝန်ကြီး ကိုမူ ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မင်းခေါင်အား ခန့်အပ်ခဲ့သည်။ တည်မြဲဖဆပလ ရှုံးနိမ့်မှုမကျေနပ်သူများ၌
မြောက်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်းသည်
အထင်အရှားဆုံးဖြစ်သည်။ ဗိုလ်မှူးကြီးကြည်ဝင်းသည် တည်မြဲဖဆပလ
ဥက္ကဌဦးဗဆွေနှင့် မယားညီအစ်ကို တော်သူလည်းဖြစ်သည်။ ၎င်းက
“သန့်ရှင်းတွေဖိလို့ လွှတ်တော်မှာ (၈) မဲရှုံးရုံနဲ့ ဦးဗဆွေတို့
အပြင်တောင်မထွက်ရဲဖြစ်နေပြီ။ သန့်ရှင်းအစိုး ရကို တပ်က
လက်နက်နဲ့ဖြုတ်ချပစ်ရမယ်” ဟူ၍ တီးတိုးဝါဒဖြန့်ခဲ့သည်။ ထိုစဉ်က
ဗိုလ်မှူးကြီးကြည်ဝင်းသည် မြောက်ပိုင်းတိုင်း တိုင်းမှူး
ဗိုလ်မှူးချုပ်အောင်ရွှေ (နောင် NLD ပါတီဥက္ကဌ)၊
မြောက်ပိုင်းတိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီး
ချစ်ခိုင်တို့နှင့်ပူးပေါင်းပြီး တပ်က အာဏာသိမ်းရေးကို
ပြင်ဆင်စိုင်းပြင်း၍ ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာသိမ်းရန်
တင်ပြတောင်းဆိုခဲ့သည်။

စစ်တပ်ကို အာဏာသိမ်းရန် သွေးထိုးမြှောက်ပင့်သည့်အဖွဲ့များ၌
သခင်ဗစိန်ခေါင်းဆောင်သည့် ဗမာပြည်ဒီမိုကရက်တစ်အဖွဲ့ချုပ်လည်း ပါဝင် သည်။
ဗမာပြည် ဒီမိုကရက်တစ်အဖွဲ့ချုပ်သည် ၁၉၅၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင်
ညီလာခံပြုလုပ်၍ “ဗမာ့တပ်မတော်က ဦးစီး၍ ကွန်မြူနစ်မဟုတ်သော
လွှတ်တော်အတွင်းအပြင်ရှိ ပါတီပေါင်းစုံပါဝင်သော
ယာယီအမျိုးသားအိမ်စောင့်အစိုးရဖွဲ့စည်းရန်” တောင်းဆိုခဲ့ သည်။

ထိုစဉ်အတွင်း ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင်
ပြည်ထောင်စုမြန်မာနိုင်ငံသမ္မတ မန်းဝင်းမောင်က
သင်ပုန်းခြေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်သည်။ ထိုနှစ်
သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော် (P.C.P) ပါတီ၏
ပြည်သူ့လက်နက်တပ်ဖွဲ့အားလုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။ ထို့အပြင်
ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ရဲဘော်အဖွဲ့အား မတရားအသင်းကြေညာခြင်းကို
၁၉၅၈ ခုနှစ်၊ သြဂုတ် လ ၁၅ ရက်နေ့မှစ၍ရုတ်သိမ်းကြောင်း သြဂုတ်လ ၁၈
ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီးနေဝင်းထံ စာတစ်စောင်ပေးပို့၍ ဗိုလ်ချုပ်ကြီးနေဝင်း
ကိုယ်တိုင် ဝန်ကြီးချုပ်အဖြစ်ဖြင့် အစိုးရအဖွဲ့တစ်ဖွဲ့ကို
ဖွဲ့စည်းပြီးလျှင် ၁၉၅၈ ခုနှစ်၊ ဧပြီလမကုန်မီ လွတ်လပ်၍တရားမျှတသော
အထွေထွေ ရွေးကောက်ပွဲကြီးကိုကျင်းပနိုင်အောင်
လိုအပ်သည့်အစီအစဉ်များဆောင်ရွက်ရန် ပန်ကြားခဲ့သည်။ ထိုနေ့မှာပင်
ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနုထံ ပြန်ကြားစာပေးပို့သည်။

၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့
အတွင်းဝန်များရုံးအတွင်းရှိ လွှတ်တော်အဆောက်အဦ တွင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါလီမန် (ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်)
အစည်းအဝေးကျင်းပ၍ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေ ဝင်းကို
ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သည်။ ယင်းနောက် အစိုးရသက်တမ်း (၃) လ၊
၁၇ ရက်သာရှိသော သန့်ရှင်းဖဆပလအစိုးရသည် ၁၉၅၈ ခုနှစ်၊ အောက်တိုလာလ ၂၈
ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော
အိမ်စောင့်အစိုးရအဖွဲ့သို့ အာဏာလွှဲပြောင်းပေး ခဲ့ရပေသည်။

ခေါင်းဆောင်ကြီး သုံးယောက် အတူတူ

                    ခေါင်းဆောင်ကြီး သုံးယောက် အတူတူ
ထိုင်လို့  ဆွီးနွီးဖို့  အချိန်သင့်ဗျန်ထင်သည်
     ကျွန်တော် ရည်ညွှန်းသော ခေါင်းဆောင်ကြီး သုံးယောက်ဆိုစော်မှာ ( ALP
) -ရခိုင်ပြည်လွပ်မြောက်ရီးပါတီ ဥက္ကဋ္ဌ ခိုင်ရဲခိုင် ၊ ( DPA
)-ရခိုင်ပြည်ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ ဦးသိန်းဖေ နင့် ( NUPA )
-ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ရို့ ကို
ဆိုလိုရင်းဖြိုက်သည် ။ သူရို့ သုံးယောက်နင့် ကျွန်တော်သည် အိန္ဒိယနိင်ငံ
နယူးဒေလီ၌ ကျင်းပခရေ  ရခိုင်အမျိုးသားကောင်စီကို ဖွဲ့ စီးကတ်ဖို့ အခါက
ညီလာခံမှာ အတူတူတွိဆုံ ဆွီးနွီးခဖူး ကြုံခဖူး ၊ တခုံတည်း စားဖူး ရယ်ဖူး
ခရေ လူတိရာဖြစ်သည် ။ ပထမအကြိမ်မှာ ဥက္ကဋ္ဌခိုင်ရဲခိုင် တက်ရောက်ခကေလေးသွင့်
ဒုတိယအကြိမ်မှာ မတက်ခ ။ယင်းအချိန်၌ အေအန်စီမှ ထွက်လားခဗျန်ဖြိုက်သည် ။
သူရို့  သုံးယောက်ကို ကျွန်တော် အခုအချိန်မှာ ဗြီးလို့  သတိရမိလာသည်။
ပဇေါင်ဖြိုက်လို့ ဆိုကေ အခြားလူမျိုးတိက သမတဦးသိန်းစိန်အစိုးရက
အပစ်အခတ်ရပ်စဲရီး အတွက် လုပ်လာရေအခါ တသံတည်းထွက်ဖို့ လိုရေ  ဆိုပနာ
ကွဲနီရေ သူရို့ အချင်းချင်း သဘောတူ တွိဆုံပနာ ချစ်ကြည်ရီး လုပ်စော်တိ
မြင်လာလို့  ဖြိုက်သည် ။ ဥပမာ ကရင်အမျိုးသားအစီးအရုံးနင့် ဒီကေဘီအေ အဖွဲ
့ရို့ က တသံတည်းထွက်ဖို့  တွိဆုံခြင်း ၊ ကရင်လူမျိုးတိ ညီလာခံ လုပ်စော်တိ
မြင်ရခြင်းတိအတွက်နင့် ကိုယ်ရို့ 
ရခိုင်လူမျိုးအကြောင်းစိုင်းစား
ယင်းပင်း သတိရလာစော်ဖြိုက်သည် ။ ယေခါ
ရင်မှာ နာချင်ချင် ဖြိုက်လာမိသည် ။ ကျွန်တော်၏ ခံစားမှုကို အသိအမှတ်
ပြုပါလီဖို့ လားဆိုပနာ စိတ်ထဲမှာ တောင်စိုင်ရီမရ စိုင်းစားပနာ
အတွက်ဖေါ်မိလာသည် ။
            ဇါပင်ဖြိုက်ဖြိုက် ပြောခစီ ဆိုခစီဖြိုက်အောင် ကျွန်တော်က
ပြောရပါဖို့ ထင်သည် ။ ဒေအချိန်မှာ ကျွန်တော်မပြောကေ မရဗျန်လို့ ထင်သည်။
ပထမဦးဆုံး ပြောချင်စော်က ဒေပုဂ္ဂိုလ်သုံးယောက်စလုံးကျွန်တော့်ထက်
အသက်အရွယ် ကြီးသည် ။ ယေဇူးနင့် လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ 
ရှိခိုးကန်တော့ပါသည်လို့  ပြောချင်သည်။ အမှားပါလားခကေ စီတနာအမှားလို့ ရာ
ထင်မှတ်ကတ်ပါလီဖိ ။ နားနင့်မနာ ဖ၀ါးနင့်နာ ဆိုရေပိုင် မျက်စိနင့် မဖတ်
အသိနင့် ဖတ်ပါလီဖိလို့ ရာ တောင်းပန်ထားချင်သည် ။ ဇါဖြိုက်လို့ ဆိုကေ
ကျွန်တော်ရို့ မှာ စီတနာအမှားတိကို တခါတခါ မသိ နားမလည်ကတ်ဘဲ လိုရာဆွဲပနာ
ပြောချင်ရာကို ပြောပလိုက် ရီးချင်ရာကို ရီးပလိုက်တေ ယိုင်ကျေးမှုတိက
ဟိနီလို့ ဖြိုက်သည်။ ယေဇူးနင့် ကျွန်တော် မေတ္တာရပ်ခံထားစော်ဖြိုက်သည်။
        ကျွန်တော်နင့် တွိဖူးရေ ဥက္ကဋ္ဌ ခိုင်ရဲခိုင်မှာ
သာမန်တော်လှန်ရီးသမားမဟုတ် ။ သမိုင်းဝင် ကမ္ဘာ့တော်လှန်ရီးသမား
စာရင်းထိပ်တန်းဝင်သူဖြိုက်သည်။ ရခိုင်နိုင်ငံလွပ်မြောက်ရီးအတွက်
မြန်မာနိုင်ငံအရှေ့ဖက် ကရင်နယ်မြီဖက်က တောလမ်းခရီးအတိုင်း လာလတ်စော်မှာ
မိုင်ပေါင်းထောင်သောင်းခရီးကြမ်းကို ဖြတ်လာသူဖြိုက်သည်။
ရခိုင်ပြည်လွပ်မြောက်ရီးပါတီက ဥက္ကဋ္ဌ ခိုင်မိုးလင်းမှာ ယင်းခရီးရှည်
တော်လှန်ရီးခရီး၌ တိုက်ပွဲမှာ ကျဆုံးလားခရဗြီးကေ အခုလက်ဟိ ဥက္ကဋ္ဌ
ခိုင်ရဲခိုင်ရို့ တိုင်သားတိမှာ မဆလအစိုးရက သေဒဏ်ပီးခံရသူဖြိုက်သည်။
ဥက္ကဋ္ဌခိုင်ရဲခိုင်မှာ သေဒဏ်ကျခံနီစော်က လွပ်မြောက်လာပနာ
လွပ်မြောက်လာစော်နင့် ရခိုင်ပြည်လွပ်မြောက်ရီးပါတီကို ပြန်လို့ 
ထူးထောင်သူဖြိုက်သည် ။ အဂင့်ဂင့်ရာ ရခိုင်နိုင်ငံက အခုအချိန်မှာ
လွပ်မြောက်ခဗျန်ဆိုပါကေ ကမ္ဘာ့သမိုင်းဝင် တော်လှန်ရီး သမားကြီးလို့  ဇါသူက
မပြောဘဲ နီလီပါဖို့ ချင့် ။
     ဥက္ကဋ္ဌ ဦးသိန်းဖေမှာ ရခိုင်ပြည်ကွန်မြူနစ်ပါတီက ဖြိုက်ဗြီးကေ
အိမ်ရှင်မမှာ မဆလအစိုးရက သတ်ဖြတ်ပနာ လိုင်ပင်းဖြတ်ခံလိုက်ရသူဖြိုက်သည် ။
၁၉၆၃-ခုနှစ် ပြည်တွင်းငြိမ်းချမ်းရီးလုပ်တေအခါ ဥက္ကဋ္ဌ ဦးကျော်ဇံရွှီးနင့်
ရခိုင်သမတနိုင်ငံ ထူထောင်ပိုင်ခွင့်ကို တောင်းဆိုခသူထဲမှာ အဖွဲ
့ဝင်အဖြိုက် လားခသူဖြိုက်သည် ။ ဥက္ကဋ္ဌ ဦးသိန်းဖေမှာ
ရခိုင်ပြည်ဒီမိုကရက်ပါတီကို အခုအချိန်မှာ ဦးဆောင်ပနာ
ရခိုင်ပြည်အမျိုးသားကောင်စီကို ဦးဆောင်နီသည် ။
   ဥက္ကဋ္ဌ ဒေါက်တာခင်မောင်မှာ ဆီးတက္ကသိုလ်ကျောင်းသား ဘ၀ကပင် တောခိုပနာ
ရခိုင်ပြည်လွပ်လွပ်ရီးတပ်မတော်မှာ ပါလာဗြီးကေ ကချင်ဖက်မှာ
စစ်သင်တန်းတက်ခသူဖြိုက်သည်။  ဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းရွှေမောင်နင့် အတူတူ
စစ်သင်တန်းတက်ပနာ ဗိုလ်မှူးချုပ် စံကျော်ထွန်းနင့် အတူတူ ရခိုင်ပြည်ကို
တောလမ်းအတိုင်း မိုင်ပေါင်းထောင်သောင်းမက
ခရီးရှည်တော်လှန်ရီးခရီးကြမ်းကို လာခသည်။ ယင်းအချိန်ကပင်စလို
့အခုအချိန်ထိ ရန်သူဘားမှာ အလံမလှဲ လက်နက်မချ အာဂ ပြောက်ကြား
တော်လှန်ရီးသမားကြီး အဖြိုက် ဘင်္ဂလားဒေ့င်္ရှနိုင်ငံမှာ နီယင်းပင်း
ရခိုင်ပြည်လွပ်မြောက်ရီးအတွက် ကြိုးပမ်းနီသည်။
ဒေါက်တာခင်မောင်မှာရခိုင်ပြည်တပ်မတော်မှ စစ်ဦးစီးချုပ်ဖြိုက်သူ
ဗိုလ်ချုပ်ခိုင်ရာဇါနင့် အတူတူ အိန္ဒိယနိုင်ငံ လန်းဖေါကျွန်းမှာ
စစ်စခမ်းကို ဖွင့်ဖို့  ကြိုးပမ်းခသူ ခေါင်းဆောင်တယောက်ဖြိုက်သည်။
ဗိုလ်ခိုင်ရာဇါကျဆုံးလားခဗြီးနောက် အခုအချိန်ထိ ပါတီကို ထိမ်းထားပနာ
ရခိုင်တော်လှန်ရီးအတွက် ပြောက်ကြားကြီးဘ၀နင့် လှုပ်ရှားနီသည် ။
        ဒေပုဂ္ဂိုလ်သုံးဦးစလုံးမှာ သာမန်တော်လှန်ရီးသမားကြီးတိ
မဟုတ်စော်ကို ကျွန်တော်ပြောရဲသည်။ ကျူးဘားနိုင်ငံ တော်လှန်ရီး အဖွဲ
့ဝင်တိက သေနတ် -၁၂-လက်နင့် ကျန်ခစော်က နောက်ဆုံးမှာ ဘာတစ္စတာ အစိုးရကို
တိုက်ထုတ်နိုင်ခပနာ နောက်ဆုံး ကျူးဘားနိုင်ငံ လွပ်မြောက်ရီးရလားခသည် ။
ယေဇူးနင့် ကျူးဘား တော်လှန်ရီး ခေါင်းဆောင် ကတ်စ်ထရို ကို
ကမ္ဘာ့ရဲခေါင်ပြောက်ကြား လို့  နာမည်တပ် ဂုဏ်ပြုခေါ်ကတ်ရသည်။
တရုပ်ပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုံးက တရုပ်ပြည်အတွင်း လယ်သမားတိကို
အခြီခံပနာ မိုင်ပေါင်းထောင်သောင်းမက ခရီးရှည်ချီတက်ယင်း
ချန်ကေရှိတ်အစိုးရကို ဖြုတ်ချနိုင်ခသည်။ ယေဇူးနင့် မော်စီတုံးကို
ကမ္ဘာ့တော်လှန်ရီး ရဲခေါင်ပြောက်ကြားလို့  ပြောကတ်သည် ။ အိန္ဒိယနိုင်ငံက
မဟတ္တမဂန္ဒီကို ဆားချက်ဖို့  ခရီးရှည် လားစော်နင့် အေးရာမ အကြမ်းမဖက်
နိုင်ငံရီးသမားကြီး ဆိုပနာ ဂုဏ်ပြုခေါ်ဝေါ်ကတ်သည်။ သူရို့ တိမှာ သူရို
့နိုင်ငံလွပ်မြောက်ရီးရလားခလို့  သူရို့ ကို လူထုခေါင်းဆောင်အဖြိုက်
အသိအမှတ် ပြုကတ်စော်ပါရာ ။ အခုလေးသွင့် ကျွန်တော်ရို့  ခေါင်းဆောင်ကြီး
သုံးဦးစလုံးမှာ ဒေပိုင် ကမ္ဘာက အသိအမှတ် ပြုရေ လူတိနင့် ဇါချင့်တခု
ကွာခြားနီပါလေချင့် ။
       တော်လှန်ရီးခရီးကြမ်းမှာ အန္တာရယ်မျိုးစုံ အခက်အခဲမျိုးစုံ
ဘ၀မျိုးစုံကို တော်လှန်ရီးသမားတိုင်း နိုင်ငံရီးသမားတိုင်း တွိကြုံရစမြဲ
။ ယင်းအထဲမှာ ဒေပုဂ္ဂိုလ်သုံးဦးက အခက်အခဲမျိုးစုံ တွိနီကေလေးသွင့်
ကိုယ်ရို့  ချစ်မြတ်နိုးရေ ရခိုင်နိုင်ငံကို ပြန်လို့  ရအောင်
အပင်ပမ်းခံဗျန် ကြိုးပန်းနီစော်ကိုက ဦးညွတ်ဖို့ ကောင်းစော်ပါရာ ။
ဒေအချက်အလက်ကြောင့် ဒေဆောင်းပါးကို ကျွန်တော် ရီးဖြိုက်စော်ပါဒေ။
တော်လှန်ရီး ပြောက်ကြားကြီးရို့ မှာ အားလုံး ၆၀-ကျော်
ရ၀-တန်းကိုဝင်နီကတ်ဗျန်ဖြိုက်သည်။ အသက်အရွယ်ကြီးမြင့်လာစော်နင့်
မျိုးဆက်သစ် တော်လှန်ရီးသမားတိကို လက်ဆင့်ကမ်း ပီးရဖို့  တာဝန်ဟိလာသည်။
နီဝင်ချိန်ဖက်ကို ရောက်လာနီဗျန်ဖြိုက်လို့ 
တော်လှန်ရီးမျိုးချစ်စိတ်တိကို မွီးဖွါးပီးဖို့ လိုသည် ။ မျိုးစိမှန်ပနာ
အပင်သန်ဖို့  ရီလောင်းပျိုးထောင် ကောင်းဖို့ လိုနီသည်။
      ယေခါ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာ ဒေပုဂ္ဂိုလ်သုံးဦးစလုံးက
အသံတသံတည်းကို မှတ်မျတ်ရရ ကြားဖူးခသည် ။ ယင်းစကားကို သူတို့ ပါတီတိက အဖွဲ
့ဝက်တိကလေးသွင့် ညီလာခံမှာ ပြောကတ်ဆိုကတ်သည် ။ကျွန်တော်ရို့ လေးသွင့်
ယင်းစကားကို အလှပလှ ပြောကတ်ဖြိုက်သည်။ ရခိုင်ပြည်အမျိုးသားကောင်စီကို
ပထမအကြိမ်ပါ ဒုတိယအကြိမ်မှာပါ ပြုလုပ်ခရေ ညီလာခံ ဗွီဒီိယို တိတ်ခွေကို
ဖွင့်ကြည့်ကတ်ကေ ယင်းစကားသံကို နားနင့်ဆတ်ဆတ် မကြားချင်အဆုံး ကြားရဖို
့ဖြိုက်သည်။ ယင်းစကားမှာ ရခိုင်လူမျိုး အချင်းချင်း စီးရုံးကတ်ပါ ၊
ညီညွတ်ကတ်ပါလို့  ပြောကတ်စော်ဖြိုက်သည် ။ အခန်းအနားတိ ပြုလုပ်ကေလေးသွင့်
ပြောလိုက်တေ ဒေညီညွတ်ရီးစကားမှာ အခုတောင်မှ နားထဲမှာ ကြားနီမိပါသိယင့်ဒေ။
      ဒေစကားကို ကျွန်တော်လက်ခံသည် ။ ပြောသည့်
ပုဂ္ဂိုလ်သုံးဦးစလုံးကိုလည်း မျိုးချစ်စိတ်ပြင်းထန်သူလို့  လက်ခံသည်။
သူရို့ ပြောသော စကားအတိုင်း သူရို့  လုပ်ချင်ကိုင်ချင် ရှိကတ်ဖို
့စော်ကိုလေးသွင့် ယုံကြည်မိဖြိုက်သည်။ သို့ သော် တခါတခါ
တော်လှန်ရီးကာလနင့် နိုင်ငံရီးကာလမှာ အခြီအနီ အမျိုးအမျိုး
ဟိစော်ကိုလေးသွင့် နားလည်ဖြိုက်သည် ။
အခုမျက်မှောက်ကာလမှာ ကရင်အမျိုးသားအစီးအရုံးနင့် ဒီကေဘီအေရို့ က
တသံတည်းထွက်ကတ်ဖို့  ညီညွတ်ရီး လုပ်ပြလိုက်ဗျန်ဖြိုက်သည်။
ကရင်လူမျိုးများ ကွန်ဖရင့်ကို ကျင်းပလိုက်ဗြီးဗျန်ဖြိုက်သည်။
ယှင်းယှင်းပြောရဖို့ ဆိုကေ စုပနာ လုပ်ကတ်ဖို့  ပြောကတ်ဖို့ ဆိုသော
လူမျိုးရီးမူဝါဒကို ရှေ့တန်းတင်လိုက်ခြင်းဖြိုက်သည်။ မိမိပါတီ မိမိအဖွဲ့ 
အကျိုးကျေးဇူးအားလုံးကို ဘေးမှာထားပနာ ကိုယ့်လူမျိုးကောင်းစားရီးနင့်
ကိုယ့်လူမျိုး ဂုဏ်သိက္ခာရှိရှိ တော်လှန်ရီး လောကမှာ ရှင်သန်
ရပ်တည်နီရီးကို လုပ်လိုက်စော်ဖြိုက်သည်။
       ကောင်းပါဗျန် ။ တော်လှန်ရီးလောကမှာ သက်တမ်းကြာပနာ လုပ်နီကတ်တေ
ခေါင်းဆောင်ကြီး သုံးဦးစလုံးမှာ ဒေသတင်းကိုလေးသွင့်
ကြားဗြီးဗျန်ဖြိုက်သည် ။ ဇါလောက်အထိ အကျိုးကျေးဇူး ဟိနီလေ ဆိုစော်ကို
စာဖွဲ့ ပြောဖို့ မလို ။ သို့ သော် ပြောစရာ စကား တခွန်း ဟိပါသည် ။
ရခိုင်လူမျိုးရို့ မှာ ရိုးရာကျင်ကိုင်ကတ်သည်။ ယေခါ ရွှီမာင်းတန်း ၊
ငွီမောင်းတန်း ၊ကြီးမောင်းတန်း ဆိုပနာ ဟိပါသည် ။
ရွှီမောင်းတန်းကျင်သန်တိမှာ ကျင်ကိုင်စော်မှာ ပထမကျသူတိရာဖြိုက်သည် ။
ကိုယ်ခံရိုးရာ ကျင်ကိုင်ပညာကို ကမ္ဘာလောက် ကျွမ်းကျွမ်းကျင်ကျင် တတ်သူရာ
ရွှီမောင်းတန်း ကိုင်ရသည် ။ အခုလေးသွင့် ရခိုင်တော်လှန်ရီးသမားကြီး
သုံးဦးမှာ ရွှီမောင်းတန်းပိုင်ရှင်တိ ဖြိုက်နီသည် ။ သာမန် အညံ့စားချေတိ
မဟုတ် ။ မြွီပွီးတိဖြိုက်သည်။
      အခုသမတ ဦးသိန်းစိန်အစိုးရက ခေါ်နီရေ အမျိုးသားပြန်လည်
စိစပ်ရီးနင့် ပြည်တွင်းငြိမ်းချမ်းရီးမှာ ရခိုင်လူမျိုးတိနင့် ဇါလောက်
အကျိုးကျေးဇူး ဟိလေဆိုစော်ကို ခန့် မှန်းနိုင်စွမ်း ဟိဖို့ လိုသည်။
ရခိုင်လူမျိုးနင့် အောက်သားလူမျိုးမှာ အမျိုးသားချင်းချင်း မဟုတ် ။
လူမျိုးခြားဖြိုက်နီစော် ကိုက ဒေနီရာမှာ ကွဲပြားနီသည်။ ယေဇူးနင့်
မဟာဗျူဟာအရ ကောင်းကောင်း အရီးကြီးနီသည်။ ဒေပိုင်အရီးကြီးစော်ကို
ရွှီမောင်းတန်းကျင်သန် ကြီးတိက ပိုလို့  သိဖို့ လိုသည်။
ခေါင်းဆောင်ကြီးသုံးဦးကို ရွှီမောင်းတန်း ကျင်သန်ကြီးလို့  ခေါ်စော်မှာ
ချစ်၍ခေါ်စော်ဖြိုက်သည်။ နပ်ယောက်ကားခံဗြီးကေ ကောက်ကျစ်ရေ ညဏ်မျိုးနင့်
သုံးနုံးစော် မဟုတ် ။ ကျွန်တော်ပြောချင်စော်က မဟာဗျူဟာအရ ကမ္ဘာလောက်
ရခိုင်လူမျိုးတိ၏ ဆန္ဒတိနင့် တလွဲစီဖြိုက်နီရေအခါ ရခိုင်လူမျိုးတိက
လိုချင်ရေ ပုံသဏ္ဍန်တခုကို တည်ဆောက်ပြဖို့ လိုသည်။ ယင်းပုံသဏ္ဍန်ကား တသံတည်း
ထွက်လားဖို့ ဖြိုက်သည်။
    ဇါပင်ဖြိုက်ဖြိုက် ခေါင်းဆောင်ကြီးသုံးဦးကို တနီရာတည်းမှာ
အခန်းတခုထဲမှာ ကျွန်တော်မြင်ချင်သည်။ ညီညွတ်ကတ်ပါဖိ ဆိုသော စကားကို
ခေါင်းဆောင်ကြီးရို့ ပြောစော်အသံကို အခုခါ ကြားခချင်သည် ။
ရန်သူအစိုးရနင့်  မဆွီးနွီးခင် ရခိုင်လူမျိုးများ
ပြန်လည်ရင်ကြားစိရီးနင့် ငြိမ်းချမ်းရီးကို အယင်လုပ်သင့်သည်လို့ 
မြင်သည်။ ယေဇူးကြောင့် ခေါင်းဆောင်ကြီးရို့ မှာ အချိန် နောက်မကျသီး ။
ဒေချင့်ကို ပထမ ဦးစားပီး လုပ်ကတ်ပါလို့ ရာ တိုက်တွန်းချင်ပါသည် ။ အဖွဲ
့အစီးတိုင်း လူပုဂ္ဂိုလ်တိုင်း အမှားတိ ဟိစမြဲ ဖြိုက်သည်။ ယေကေလေးသွင့်
ယင်းအမှားတိမှာ ခွင့်လွှတ်နိုင်ရဖို့ ကောင်းရေ အမှားတိမှန်း ညီလာခံထဲမှာ
ကျွန်တော်မြင်ခဖူးသည်။ ရယ်စရာအဖြိုက်နင့်လေးသွင့် စကားတိ
ပြောခကတ်ဗြီးဖြိုက်သည်။ ရန်သူနင့် ငြိမ်းချမ်းရီး ဆွီးနွီးဖို့ ဆိုကေ
ရန်သူမဟုတ်တေ ရခိုင်သားအချင်းချင်း မဆွီးနွီးလို့  ရပါဖို့ လားချင့် ။

ခိုင်အောင်ကျော် ( နယူးယောက် )

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး သံဆူးကြိုးများ အခိုးခံရ

 
Print Friendly
မြန်မာ အာဏာပိုင်များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေးအတွက် ကာရံထားသည့် နယ်စပ် ခြံစည်းရိုး ဘတ်ဝါယာ (သံဆူးကြိုး) များမှာ မသမာသူများ၏ ဖြတ်တောက် ခိုးယူခံရပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ မှောင်ခိုဈေးကွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
undefined
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ - Star)
“ကောက်စ် ဘဇားမြို့အတွင်းမှာ သံဖြူ၊ ဘိလပ်မြေ တချို့အရောင်းဆိုင်တွေမှာ ရခိုင်ပြည် ခြံစည်းရိုးတွေ ချရောင်းနေတာ မျက်မြင် ကို တွေ့နေရပါတယ်”ဟု ကောက်စ် ဘဇားမြို့ ဘာဇာဂါးဒါရှိ အရောင်းဆိုင်တဆိုင်မှ အကြီးအကဲဖြစ်သူ ဖော်ရိဒ် အာလောင်မ်က ပြောပြသည်။

ယင်း ခြံစည်းရိုးကာသည့် သံဆူးကြိုးများသည် မိုးရေထိခံရန် ဆီလူးထားသော သံဆူးကြိုးများ ဖြစ်၍ သံချေး လွယ်ကူစွာ မတက်ကြောင်း၊ သံဆူးကြိုး တကိုက်လျှင် ၇၈ တာကာဖြင့် ပြန်လည်ရောင်းချနေသော်လည်း ၀ယ်ဈေးမှာ ၃၀ – ၃၅ တာကာ သာရှိကြောင်း လည်း ၎င်းက ပြောသည်။ လက်ရှိ တာကာ ၁၀၀ လျှင် မြန်မာငွေ ၉၃၀ ကျပ်ခန့် ငွေလဲနှုန်း ရှိသည်။

“သူခိုးတွေဆီက ၀ယ်ဈေးတော့ ပုံမှန်မရှိပါဘူး၊ မျက်နှာအခြေအနေကိုကြည့်ပြီး တာကာ ၃၀-၃၅ ပေါ့ဗျာ၊ တခါတလေဆို စုဆောင်းပြီး ကားပေါ်တင် အဆက်အသွယ်ဖြင့် လာရောင်းကြတာပါ”ဟု ဖော်ရိဒ် အာလောင်မ်က ဆက်ပြောသည်။

အဆိုပါ ခြံစည်းရိုးကို၂၀၀၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် အမှတ်(၁)မှ စတင်၍ စနစ်တကျကာရံခြင်း ဖြစ်သော်လည်း သူခိုးများလက်တွင် အလွယ်တကူ အခိုးခံရခြင်းဖြစ်ကြောင်း တောင်ပြိုရွာမှ ကျောင်းဆရာတဦးကလည်း ပြော သည်။

“ခြံစည်းရိုးကာရံဖို့ တိုင်စိုက်တာက ခွင်ခြေထောက်ပုံစံ သုံးခွဖြစ်ပါတယ်၊ ပြီးမှ အာမခံဖြစ်အောင် အလယ်ကနေပြီး ဘားဝါယာ (သံဆူးကြိုး) ကို စနစ်တကျထားပြီး ကာရံတာဖြစ်ပါတယ်၊ ဒါပေမယ့် သူခိုးတွေရဲ့ လုံခြုံရေးကို မခံနိုင်ဘူးဆိုတာ သက်သေပြတာပါ၊ နစက (နယ်စပ်ဒေသ ကွပ်ကဲရေးဌာချုပ်)တွေက ခြံစည်းရိုးကို စောင့်တာမှ မဟုတ်တာ၊ ခြံစည်းရိုးက နစက တွေကိုစောင့်တော့ နစက တွေ အခိုးမခံရတာတောင် ကံကောင်းတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

နယ်စပ်လုံခြုံရေးအတွက် ကာရံနေသည့် ယင်းခြံစည်းရိုးမှာ ပြီးလုနီပါးဖြစ်နေကြောင်း၊ အိန္ဒိယနယ်စပ် တြိဂံ နယ်မြေအထိ ကာရံမည်ဖြစ်ကြောင်းနှင့် ကီလိုမီတာ ၃၀၀ ၀န်းကျင်အထိ အရှည်ရှိမည်ဖြစ်ကြောင်း နစက နှင့် နီးစပ်သူများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီများအနေဖြင့် ရခိုင်ပြည် ရေပြင်နှင့် မြေပြင်ပိုင်နက်များတွင် အခါအားလျော်စွာ ငါး၊ သစ်၊ ၀ါး၊ အုပ်ချပ် နှင့် တခြားသယံဇာတများကို မကြာခဏ ခိုးယူမှုများ ပြုလုပ်နေကြောင်း နစက သတင်းများအရ သိရသည်။

နစက များအနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို လာဘ်ငွေယူ၍ ရခိုင်ပြည်နယ်အတွင်း ၀င်ခွင့်ပေးခြင်းများလည်းရှိကြောင်း သတင်းများက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ယခု ကာရံနေသည့် ခြံစည်းရိုးသည် တချို့နေရာများတွင် ၎င်းတို့ဘက်သို့ ပိုက်နက်ကျူးကျော်ကာရံနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်က စတင်၍ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။ ထိုအငြင်းပွားမှုကို၂၀၀၉ ခုနှစ် တွင် အပြည်ပြည်ဆိုင်ရာတရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်တင်ပြခဲ့ရာ ပြီးခဲ့သည့် မတ်လ ၁၄ ရက်က တရားရုံး ဆုံးဖြတ်ချက် ချခဲ့သည်။

ITLOS တရားရုံး ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရေမိုင် ၂၀၀ ရရှိသွားပြီး စီးပွားရေးဇုန် အဖြစ် သတ်မှတ်ပိုင်ခွင့် လည်း ရရှိခဲ့သည်။
http://burma.irrawaddy.org/archives/7569

ခုံရုံးဆုံးဖြတ်ချက် ရေနံလုပ်ကွက်များ မထိခိုက်ဟု အစိုးရ ပြော

 
Print Friendly
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အငြင်းပွားနေသည့် ရေပိုင်နက်အပေါ် ခုံရုံး၏ ဆုံးဖြတ်ချက်အရ ရေနံရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နိုင်မည့် ရေပြင်ဧရိယာ မြန်မာနိုင်ငံ ပိုမိုရရှိကြောင်း အစိုးရက ပြောဆိုလိုက်သည်။
AD-7 အပါအဝင် ရေနံလုပ်ကွက်များပြ မြေပုံ (ပုံ - Weekly Eleven Journal)
ရေပိုင်နက် အငြင်းပွားမှု ကိစ္စတွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ အခြေစိုက် နိုင်ငံတကာ ရေကြောင်းဥပဒေဆိုင်ရာ ခုံရုံး (International Tribunal for Law of the Sea – ITLOS) ၏ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှ ရှာဖွေနေသည့် ရေနံလုပ်ကွက်များနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများ ထိခိုက်မှု မရှိကြောင်း ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်းက ရှင်းလင်းတင်ပြသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

ဒေါက်တာ ထွန်းရှင်က “ITLOS ရဲ့သတ်မှတ်ချက် နယ်နိမိတ်မျဉ်းအရ မိမိတို့ လုပ်နေတဲ့ AD-7, AD-8, AD-9 ရေနံလုပ်ကွက်တွေ လွတ်လွတ်ကင်းကင်း ဖြစ်တဲ့အပြင် ကမ်းနီးပိုင်း ရေနံထုတ်လုပ်ဖို့ အလားအလာရှိတဲ့ ရေပြင်ဧရိယာ ပိုမိုရရှိလာတာကို တွေ့ရှိရပါတယ်” ဟု ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ၏ ပင်လယ်ပြင် နှစ်နိုင်ငံ နယ်နိမိတ်နှင့်ပတ်သက်၍ ITLOS ၏ နှစ်ဘက်လျှောက်လှဲချက်အပေါ် ကြားနာ အပြီးသတ် ဆုံးဖြတ်ချက်ချပြီး ဖြစ်၍ မြန်မာနိုင်ငံက ရှာဖွေတွေ့ရှိထားသည့် A1/A3 သဘာဝဓာတ်ငွေ့ သိုက်များနှင့် ကင်းလွတ်မှု ရှိမရှိ အခြေအနေများကို ပြည်သူများ သိရှိနိုင်ရန် လွှတ်တော်မှ ဖြေကြားပေးရန် လွှတ်တော်ကိုယ်စားလှယ် ဦးလွန်းသီက လွှတ်တော်၌ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နအဖအစိုးရ လက်ထက် စွမ်းအင်ဝန်ကြီးဟောင်းနှင့် လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးလွန်းသီ၏ မေးခွန်းအပေါ် ဒေါက်တာ ထွန်းရှင်၏ ဖြေကြားချက်ကို အစိုးရသတင်းစာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်မြေပုံများနှင့်တကွ ဖြေဆို ရှင်းလင်းထားသည်ကို တွေ့ရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အငြင်းပွားနေသည့် ရေမိုင်၂၀၀ ရရှိသွားကာ စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပိုင်ခွင့် ရရှိသွားကြောင်း ITLOS ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။ ထိုနေရာ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်းနှင့် တ ခြား လုပ်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ရေပြင် မိုင်၂၀၀ ကျော် ဒေသသို့မူ နှစ်နိုင်ငံစလုံးမှ ၀င်ရောက် ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံသည် ရေမိုင် ၂၀၀ ထက် ကျော်လွန်ခြင်း မပြုရေး၊ ရခိုင် ပင်မကမ်းရိုးတန်းမှ ရေမိုင် ၅၀ အထိသာ ရပိုင်ခွင့် ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ပေမယ့် ITLOS က ပယ်ချခဲ့ပါတယ်” ဟု ဒေါက်တာ ထွန်းရှင်က ဆိုသည်။

အငြင်းပွားမှုအား ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ITLOS က အပြီးသတ် ဆုံးဖြတ်ပေးခဲ့သည်။ ၁၄ ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့ အပိုင်ရရှိသွားသည့် ရေပြင်၌ ရေတပ်သင်္ဘေဘာများ ချထားပြီး စတင်ကင်း လှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများ ကိုးကား၍ နိဉ္စရာ သတင်းဌာနက ရေးသားထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားရှိ စိန့်မာတင်ကျွန်း ခေါ် အုန်းကျွန်းအနီး ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများအပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ ဖြေရှင်းပေးရန် ITLOS သို့ ၂၀၀၉ ခုနှစ်က တင်ပြခဲ့ခြင်း ဖြစ်သည်။

ရေပြင်ဧရိယာ မိုင် ၂၀၀ ၀န်းကျင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးလိုက်ရခြင်းအပေါ် ပြည်သူများ၏ မကျေနပ်မှုမျာနှင့် အစိုးရ လုပ်ဆောင်ချက် အားနည်းသည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။
အစိုးရကမူ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် မိမိတို့ ရေပြင်ဧရိယာ မဆုံးရှုံးစေရန် နိုင်ငံတကာ ဥပဒေပညာရှင်များ၊ တိုင်းတာရေး ပညာရှင်များကို ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာ ထွန်းရှင်က ဆိုသည်။

ထိုကိစ္စအား မကျေနပ်သည့် ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသား ရခိုင်၊ ဗမာ လူမျိုးများနှင့် တခြား တိုင်းရင်းသား လူမျိုးများက လူထုဆန္ဒပြပွဲများ လုပ်ဆောင်သွားမည်ဟု နယ်စပ်ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးကလည်း လူထုလှုပ်ရှားမှုများ လုပ်ဆောင်ကြရန် ကြေညာချက်ထုတ် ပြန်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ရေပြင်အပိုင် ရရှိပြီးနောက် အောင်ပွဲခဲမှုများ နေရာအနှံ့လုပ်ဆောင်နေကြကြောင်း သိရပြီး နိုင်ငံခြားရေးဝန်ကြီး Mrs. Dipu Moni ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်သူများအတွက် အောင်ပွဲတခုဖြစ်ကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း မတ်လ ၁၄ ရက်နေ့က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘက်က ရေပိုင်နက် ဧရိယာကို အညီအမျှ ခွဲဝေပိုင်ဆိုင်လိုသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကမူ နိုင်ငံတွင်း ရှိသည့် လူဦးရေနှင့် စီးပွားရေးအခြေအနေ အပေါ်မူတည်၍ ရေပိုင်နက်အတွင်းရှိ သယံဇာတကို အချိုးကျ ရလိုကြောင်း တောင်းဆိုရာမှ ဖြေရှင်းမရ ဖြစ်ခဲ့ကြသည်။

လူဦးရေ အချိုးကျအတိုင်း ဆုံးဖြတ်မည်ဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် သန်း ၅၀ ကျော်သာ ရှိသောကြောင့် အချိုးကျ ခွဲယူရမည့်ကိစ္စကို မကျေနပ်ရာမှ စတင်၍ ပြဿနာကြီးထွားခဲ့ကြသည်။

၎င်းရေပိုင်နက် အငြင်းပွားရာနေရာ၌ ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာဘက်က သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေတပ် စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီးနောက် နှစ်နိုင်ငံ အပြန်အလှန် ရေတပ်စစ်သင်္ဘောများ စေလွှတ်ရာမှ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

ITLOS ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါက်တာထွန်းရှင်က တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ် အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းသွားနိုင်မည်ဟု ပြောဆိုထားသည်။
http://burma.irrawaddy.org/archives/7580