ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Saturday, March 31, 2012

ဘတပြန်-ကျားတပြန်၊ တရုတ်-အမေရိကန် အာဏာလွန်ဆွဲပွဲ


"အိပ်နေသောနဂါးကြီးကိုမနှိုးပါနဲ
့" ဆိုသည့်ပြင်သစ်စစ်သူကြီး နပိုလီယန်၏
သတိပေးစကားက အခုအချိန်တွင် လွန်ခဲ့ပေပြီ။ တရုတ်(သို့မဟုတ်)
အာရှ၏နဂါးကြီးက နိုးသွားခဲ့ပါပြီ။ နိုးထလူလွန့်လာရုံတင်မကဘဲ အနီးအပါးက
အာရှ၏ကျားများ၊ ခွေးများ၊ ခြင်္သေ့များစသည့် ရှိသမျှ အကောင်ဗလောင်တွေကို
ဝါးမြိုဖို့ကြိုးစားနေပေပြီ။ ခပ်လှမ်းလှမ်းက အာဖရိကတော
ဆင်ရိုင်းတွေကိုတောင် အလွတ်မပေးပဲ အခိုးအငွေ့တွေထုတ်လွှတ်ပြီး
ညှိ့ငင်ကာထားပြီးလေပြီ။ ထိုအချိန်မှာပင် တရုတ် ဒီမိုကရေစီ ရေးလှုပ်ရှားသူ
လျူ ကို ၂၀၁၀ အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးရန်
ရွေးချယ်ဆုံးဖြတ်ခဲ့မှုက နော်ဝေနိုင်ငံ၏နိုဘဲလ်ဆု ကော်မတီအနေဖြင့်
အာရှနဂါးကြီး၏ နှုတ်ခမ်းမွှေးကို ဗြုန်းကနဲဆွဲ
နှုတ်လိုက်ခဲ့ခြင်းပင်ဖြစ်သည်။

တရုတ်၏နယ်ပယ်အင်အားချဲ့ထွင်မှုများက ယခင်စစ်ပြီးခေတ်အနောက်အုပ်စုနှင့်
အမေရိကန်တို့၏ လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူဘဲတစ်မျိုးတစ်ဘာသာ ဖြစ်နေသည်ကို
တွေ့ရပေသည်။ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံရှိသော တရုတ်နိုင်ငံကြီးအတွက်
စွမ်းအင်လုံလောက်မှုနောက်ကို လိုက်နေသည်ဟု ထင်စရာရှိသော်လည်း
ယင်းထက်ပိုကောင်းပိုပေလိမ့်မည်။ ဈေးကွက်ချဲ့ထွင်မှုဟုတ်မဟုတ်ဆိုသည်က
ရှင်းပါသည်။ အယူဝါဒကြောင့်ဟုဆိုရအောင် ကွန်မြူနစ်ပါတီကြီးဟု
မျက်စိမှိတ်အော်နေသော်လည်း ဒီမိုကရေစီအသံ ထက်ဝက်ပေးပြီး
အရင်းရှင်စနစ်နောက်ကောက်ကောက်ပါအောင် လိုက်နေသည်မို့မဖြစ်နိုင်။
သေချာသည့် ရည်မှန်းချက်တစ်ခုသည်ကား တရုတ်အနေဖြင့်
ကိုယ်ကျိုးစီးပွားအလွန်အမင်း ကြည့်လိုခြင်းသာဖြစ်ပေလိမ့်မည်။

လျူကို ၂၀၁၀အတွက် ငြိမ်းချမ်းရေးနိုဘဲလ်ဆုပေးရန်
ရွေးချယ်ဆုံးဖြတ်ခဲ့အပြီးတွင် "အနောက်အုပ်စု များအနေနဲ့ တရုတ်၏
တရှိန်ထိုးတိုးတက်ကြီးပွားလာနေမှုကို ကြောင့်ကြမရှုဆိမ့်လို၍
တမင်ထိုးနှက်ခြင်းဖြစ်သည်။ နော်ဝေဆုကော်မီတီအနေဖြင့်လည်း
နိုဘဲလ်ဆုကြီးကို အသရေဖျက်ခြင်းဖြစ်သည်" ဆိုကာ
တရုတ်ဘက်မှစွတ်စွဲပြောကြားခဲ့သည်။ တရုတ်ခေါင်းဆောင်များအနေဖြင့်
ဒလိုင်းလားမားကို နိုဘဲလ်ဆုပေးစဉ်ကလည်း အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့သည်။
တရုတ်အနေဖြင့်ကမ္ဘာ့မိသားစုကို ဥပေက္ခာပြုပြီး ကမ္ဘာ့အဆိုးယုတ်ဆုံးစာရင်းဝင်
ဗမာဖက်ဆစ်စစ်ဝါဒီအာဏာရှင် သန်းရွှေကိုလည်း မျက်စိစုံမှိတ်ကာ
အကာအကွယ်ပေးနေသည်ကို ထင်ရှားစွာတွေ့ရပေသည်။ တရုတ်၏ဤလုပ်ဆောင်ချက်များက
အရင်ဒုတိယ ကမ္ဘာ့ စစ်အရှိန်မပြယ်သော စစ်အေးကာလ အယူဝါဒတိုက်ပွဲ
သက်သက်မဟုတ်တော့ပဲ ကိုယ်ကျိုးစီးပွားနှင့် ဒီမိုကရေစီ ကျင့်ဝတ်ကိစ္စတွေက
ပိုအရေးကြီးလာပြီး တကယ့်စစ်ပွဲတစ်ခုဆီကိုတောင် ပြန်ပြီး ဦးတည်ကောင်း
ဦးတည်နိုင်ပေသည်။

ဆင်းရဲမွဲတေမှုကြီးမားသည့် အာဖရိကတိုက်ကြီးကို အနောက်နိုင်ငံအစိုးရများက
တယောက်ချင်းအလိုက်ရော အားလုံးအရင်းနဲ့ လူသားချင်း စာနာမှုတွေပြခဲ့ကြသည်မှာ
ကြာပြီဖြစ်သည်။ သို့ရာတွင် ယနေ့တိုင် အာဖရိကလည်း
ပိုမတိုးတက်မစည်ပင်လာခဲ့။ ဤအခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏
ရင်းနှီးမြုပ်နှံမှု များစွာသည် အာဖရိကသို့ ဝင်လာခဲ့သည်။
အငြင်းပွားဖွယ်အာဏာရှင် ဆူဒန်၏ရေနံသဘာဝ ဓါတ်ငွေ့ကုန်သွယ်မှုတွေမှအစပြုကာ
တရုတ်အနေဖြင့် လမ်းပေါက်သွားခဲ့သည်။ အခုအချိန်တွင် အာဖရိက၏
မြို့ကြီးများ၏ မွဲခြောက်ခြောက်လမ်းမကြီးများအပေါ်တွင်
မှန်ရောင်ပြောင်လက်နေသည့် တရုတ်လက်ရာ အဆောက်အဦးများစွာကို တွေ့လာနေရသလို
အနောက်နိုင်ငံသားဆရာဝန်များ၊ ကျန်းမာရေးလုပ်သား၊ ကယ်ဆယ်ရေးလုပ်သားများ၏
ကြားထဲမှာလည်း တရုတ် အင်ဂျင်နီယာ ဆောက်လုပ်ရေး လုပ်သားများကို
အရောင်စုံစွာတွေ့ နေကြရတော့သည်။

ဒုတိယကမ္ဘာစစ် အရှိန်ဖြင့် ပစိဖိတ်ကျွန်းစု နိုင်ငံများအပေါ်တွင်
အမေရိကသြဇာ လွှမ်းမိုးနေခဲ့ပေသည်။ ဖိလစ်ပိုင်၊ ဂျပန်စသည့် နိုင်ငံများတွင်
ရေတပ်စခန်းတွေ့ရှိနေမှု၊ တောင်ကိုရီးယား၊ တိုင်ဝမ်ကို စစ်ရေး
အကူအညီတွေပေးနေမှု၊ ဖိလစ်ပိုင်နိုင်ငံ၏ ဂူအမ်ကျွန်းလိုမျိုး နေရာအများကို
အပိုင်ရယူထားမှု စသည့် အနေအထားများကြားတွင် တရုတ်အနေဖြင့် သူ၏
အသက်ရှူကြပ်လှသည့် တရုတ် ပယ်လယ်ထွက်ပေါက်ကို အသာထားပြီး အိန္တယသမုဒ္ဒရာ
ဖက်ဆင်းက ကျောက်ဖြူ၊ စစ်တကောင်း၊ သိရိလင်္ကာ တို့တွင် ဆိပ်ကမ်း
ကြီးများတည်ဆောက်ဖို့လုပ်လိုက်သည်။ အမေရိကန်က ပစိဖိတ်ကျွန်းစု ရေတပ်
စစ်စခန်းများနှင့် အလုပ်ရှူပ်နေသည့် အချိန်တွင် အာရှ နဂါးတရုတ်က အိန္ဒယ
သမုဒ္ဒရာတွင် စီးပွားရေး ဆိပ်ကမ်းကြီးများဖွင့်လှစ်ရန်ပြုလုပ်နေပြီး
အိန္ဒိယ သမုဒ္ဒရာ၏ မဟာဗျူဟာကို ပိုင်ဆိုင်ကြီးစိုးရန် တာစူနေပေသည်။

အာရှနိုင်ငံတွေထဲမှာက မြန်မာ၊ ဗီယက်နမ်လာအိုနှင့်
မြောက်ကိုရီးယားနိုင်ငံများက လွဲပြီး ကျန်နိုင်ငံများအားလုံးလိုလိုသည်
လက်ရှိကမ္ဘာ့ချန်ပီယံ အမေရိကန်နှင့် ဆက်ဆံရေးရှိသည့်
နိုင်ငံများဖြစ်ကြသည်။ စင်ကာပူတစ်နိုင်ငံသည်သာလျှင်
နိုင်ငံတကာဆက်ဆံရေးအပိုင်း၌ ရပ်တည်ချက်ပိုင်းတွင် ဟိုလိုလိုဒီလိုလိုနှင့်
တိကျမှုမရှိသည်ကို တွေ့ရသည်။ ဗမာအာဏာရှင်များအနေဖြင့် တရုတ်နဲ့က
သေချာပေါက်ပေါင်းဖက်ခဲ့လေပြီ။ ရခိုင်လူမျိုးတို့၏ ကျောက်ဖြူမြို့ကနေ
ဗမာပြည်အလယ်ပိုင်းကို ဖြတ်ဖောက်မည့်တရုတ် အကျိုးစီးပွားပိုင်
ဓါတ်ငွေ့ပိုက်လိုင်းကြီးက တရုတ်-မြန်မာ ဆက်ဆံရေးမည်မျှ
ခိုင်မြဲနေသည်ဆိုသည်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ဗမာစစ်ဝါဒီများ
အနေဖြင့် အိန္ဒိယနဲ့လည်း စစ်တွေဆိပ်ကမ်းဆောက်လုပ်၊ တရုတ်နဲ့လည်း ကျောက်ဖြူ
ပိုက်လိုင်းတည်ဆောက်ပြီး နိုင်ငံရေးကစားနေတဲ့ ဗမာအနေဖြင့်
ဤပြိုင်ပွဲကြီးထဲမှာ ဗျူဟာမြောက်သည့် အနေအထားတွင် ရှိနေသည်။ ကျန်သည့်
အာဆီယံနိုင်ငံများအနေဖြင့် တရုတ်အတွက်ပေါချောင်ပျက်
စက်မှုထွက်ကုန်ပစ္စည်းတွေ စုပုံရောင်းချရာဈေးကွက်ကြီး (dumping ground )
ဖြစ်နေပြီး တချိန်တည်းမှာပင် စိုက်ပျိုးရေးထွက်ကုန်၊ စားစရာ
ကုန်ကြမ်းများကို ဈေးချိုချိုနဲ့ ရယူနိုင်နေသည်ကို တွေ့နေရသည်။

တရုတ်အနေဖြင့် ကိုရီးယားကျွန်းဆွယ် ဆက်ဆံရေးကိုတော့ Divide and Conquer
ဗျူဟာကို သုံးထားသည်။ ပြုံယမ်းကို မျက်စိမှိတ်ထောက်ခံပေးနေသည့်
အချိန်မှာပင် ကြားခံအဖြစ်အမြတ်ထုတ်ရင်း ဆိုးလ်နှင့်လည်း
အဆက်အဆံကောင်းအောင်လုပ်ထားနိုင်သည်။ မြောက်ကိုးရီးယားကျဆုံးသွားပါကလည်း
သူ့ကိုပိုအားကိုးရမည်။ ဒါမှ မဟုတ် တောင်ကိုးရီးယားနဲ့
ပေါင်းစည်းသွားရင်လည်း တောင်-မြောက် ကိုးရီးယားသစ်က ဂျပန်ထက်သူ့ကိုသာ
ဆက်ဆံစရာရှိလိမ့်မည်။ တရုတ်အဖို့ဘာမှ အရှုံးမပေါ်နိုင်ဆိုသည်ကို
တရုတ်နဂါးက ကောင်းကောင်းသိထားပေသည်။

ဂျပန်နဲ့ အငြင်းပွားနယ်မြေလုနေကြသည်တောင် တရုတ်ပင်လယ်ထဲက ကျွန်းစု
ပြဿနာတွေကြောင့် တရုတ်ပြည်တွင်းမှာ အမျိုးသားရေးစိတ်ဓါတ်ကို
မြှင့်တင်ထားနိုင်သည်။ ပထဝီအနေအထားအရ တရုတ်ပင်လယ်နှင့် ပိုနီးကပ်သည့်
ဂူအန်ကျွန်းကို အမေရိကန်တို့က ပိုင်ဆိုင်ထားမှုကလည်း သဘာဝမကျသည့်
ကိစ္စဖြစ်သည်။ ဝါရှင်တန်-ပီးကင်းအစိုးရတို့၏ အဓိကပြဿနာဖြစ်သည့်
တိုင်ဝမ်ကျွန်းကိစ္စကလည်း စိတ်ဝင်စားစရာကောင်းလှသည်။ တရုတ်ဖက်က " One
China Policy " ကို အော်ပြီး တရုတ်လူမျိုးများစုစည်း ညီညွှတ်ရေး
ယောင်ယောင်ပြောနေသည်။ ပြောင်းလဲလာသည့် နိုင်ငံရေး အခင်းအကျင်းများ
ကြားမှပင် တိုင်ဝမ်အစိုးရ ကိုယ်၌က တရုတ်နှင့်ဆက်ဆံရေးကောင်းဖို့
လိုလားပြနေတဲ့ အချိန်မှာ အမေရိကန်အနေနဲ့ တိုင်ဝမ်ကို
ဆက်အကာအကွယ်ပေးထားစရာ အကြောင်း သိပ်မရှိတော့ပေ။ အကယ်၍သာ တိုင်ဝမ်ကို
အမေရိကန်ထားသွားမည်ဆိုပါက ဒေသတွင်းနိုင်ငံငယ်တွေကြားထဲ အမေရိကန်အပေါ်
ယုံကြည်အားကိုးမှု ပျက်ပြားသွားနိုင်ပြီး တရုတ်သြဇာလွမ်းမိုးမှုက
အလွယ်တကူနေရာ ယူသွားနိုင်ပေလိမ်မည့်။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းသည်မှာ Central Asia ဖက်က "..... စတန် "
နိုင်ငံတွေနဲ့ ဆက်ဆံရေးဖြစ်သည်။ တရုတ်အနေဖြင့် ဗမာပြည်မှ
သဘာဝဓါတ်ငွေ့ပိုင်လိုင်းကြီးများအပြင် နောက်ထပ် ပိုင်လိုင်းကြီး(၂)ခု
အတွက် အကြံကြီးတွေရှိနေသေးသည်။ အူရဂါ လူမျိုးစု များနေထိုင်ရာဇင်းကျန်း
ပြည်နယ်ထိ ရောက်အောင်ဖောက်လုပ်မည့်ပိုက်လိုင်းကြီး (၂)လိုင်းမှာ
ရေနံပိုက်ကြီးက ဇတ်ကစ္စတန်ကို ဖြတ်ဖောက်မည်။ သဘာဝဓါတ်ငွေ့ ပိုက်ကြီးက
ဥစဘတ်ကစ္စတန် ပေါ်ဖြစ်မည်။ ပိုက်လိုင်းကြီးများနှင့်
သိမ်းပိုက်လိုက်ပြီဆိုမှဖြင့် အဆိုပါနိုင်ငံများသည် တရုတ်နှင့်တသက်
မခွဲစတမ်း ပေါင်းရပေတော့မည်။ လမ်းကလည်း သင့်သွားပြီးဖြစ်၍
အာဖဂန်နစ္စတန်တွင်ရှိသည့် သတ္တုတွင်းများကိုတောင်မျက်စိ ကျနေပြန်သည်။
ထို့ကြောင့် အခုအချိန်တွင် အမေရိကန်နှင့် ၄င်း၏မဟာမိတ်တပ်များကြောင့်
အာဖဂန်တည်ငြိမ်သွားပါက တရုတ်အတွက် ဇိမ်တကာ့ဇိမ် ဖြစ်ပေလိမ့်မည်။

တိဗက် ကိုမျက်စိမှိတ် သိမ်းထားခြင်းသည်လည်း နယ်ပယ်
အာဏာချဲ့ထွင်ဖို့သက်သက်သာ ဖြစ်ပေသည်။ လူသူကျဲပါးလှသည့်
မွန်ဂိုလီးယားကြီးကို တောင်သမိုင်း တပတ်လည်ပြီး နယ်ချဲ့လက်သစ်လုပ်နေသည့်
အရိပ်အယောင်တွေရှိနေသည်။ ရုရှ ကလည်း ၄င်းကို စိုးရိမ်နေသည်။
ဗမာပြည်အရှေ့မြောက်ခြမ်းကို တအိအိတိုင်းဝင်းလာသော
အခြေချနေထိုင်မှုများကဲ့သို့ပင် မွန်ဂိုလီးယားနယ်စပ်များကိုလည်း
တရုတ်လူမျိုးများသောင်းနဲ့ချီ ဝင်ရောက်လာနေလေပြီ။

တလျှောက်လုံးငြိမ်သက်တိတ်ဆိတ်နေခဲ့သည့် တရုတ်နယ်စပ်တလျှောက်ရှိ
အာရှအလယ်ပိုင်းနိုင်ငံကြီးတွေမှ
လူတွေလမ်းတွေတံတားကြီးတွေပိုက်လိုင်းကြီးတွေနဲ့ သွယ်တန်းယှက်နွယ်စီးပွား
စည်ပင်လာခဲ့ရင်တရုတ်ရဲ့ ကုန်းတွင်းအင်အား တည်ဆောက်နေမှုနဲ့ အတူဟန်ချက်
ညီညီရေတပ်အင်အား ကိုပါတိုးချဲ့လာနေမှုက ဒေသတွင်း ဂျပန်၊
တောင်ကိုးရီးယားနှင့် အိန္ဒိယ တို့ကိုပါ ရေတပ်အင်အားအပြိုင်
ပြင်ဆင်လာစေသည်။ ရှူပ်ထွေးလာသည့်ဆက်ဆံရေးတွေကြားတွင် ပစိဖိတ်ဒေသမှ
အမေရိကန်၏ အနေအထားရပ်တည်မှုတွေက ကြပ်တည်းလာပြီလား။ အကယ်၍သာ
အိုဘားမားအစိုးရအနေဖြင့် နဂိုရှိရင်းစွဲအင်အားချိန်ခွင်လျှာ
နိုင်ငံရေးအယူအဆကို ဆက်လက်မဆုပ်ကိုင်တော့ပါက အာရှဒေသတွင်
တရုတ်လွှမ်းမိုးမှုကြီး အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်လာမလား။
ဒေသတွင်း စစ်ကျိမ်းသံတွေပို ဆူညံလာမည်လား။ အရှေ့အာရှတွင်
တရုတ်-အမေရိကန်တို့၏ စစ်အင်အားပြိုင်ဆိုင်လာပါက ရုရှား။ တရုတ်၊
မြောက်ကိုးရီးယားတို့ကတစ်ဘက်၊ အမေရိကန်၊ ဂျပန်၊
တောင်ကိုးရီးယားနိုင်ငံတို့က တစ်ဘက် ကွန်မြူနစ်အုပ်စုနှင့်
အရင်းရှင်အုပ်စုတို့၏ နျူးကလီးယား စစ်မက်ရေးရာက အာရှအရှေ့ဖျားဒေသတွင်
ပေါက်ကွဲလာမည်သာ ဖြစ်သည်။ ယင်းနေ့သည်ကား ကမ္ဘာကြီးပျက်သုံန်းမည့်
နေပင်ဖြစ်ပေလိမ့်မည်။ ယင်းသို့မဟုတ်ပါက ကမ္ဘာ့အမေရိကန် ကိုယ်တိုင်ကရော
ခေါင်းကနေ အမြီးအထိ အစာတွေဝဆူဖြိုးနေသည့် တရုတ်နဂါးကြီးကို
လိုလိုလားလားလွှတ်ထားခဲ့လေမလား။ အမေရိကန်-တရုတ်အင်အားကြီး နှစ်နိုင်ငံ၏
ဘတပြန်-ကျားတပြန် နိုင်ငံရေးလွန်ဆွဲပွဲချိန်ခွင်လျှာက
မည်သို့ဖြစ်လာမည်နည်းဆိုသည်ကို စောင့်ကြည့်ရဦးမည်သာဖြစ်ပေသည်။

www.arakantimes.net/burmese

No comments:

Post a Comment