ဂစ္ဆပသတင်းဌာန
မေလ (၁၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com
ရှမ်းပြည်နယ်ဘက်သို့ ရခိုင်ပြည်နယ်မှ တတိယအကြိမ်မြောက် တပ်ရင်း ၂ ရင်း စစ်အင်အားထပ်မံပို့
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် (စကခ) လက်အောက်ရှိ တပ်ရင်းများအနက် တပ်ရင်း ၃၄၅နှင့် ၃၅၂တို့မှာ ရှမ်းပြည်နယ်သို့ စစ်ဆင်ရေးတာဝန်ဖြင့် မေလ(၁)ရက်နေ့က စတင်ခရီးထွက်သွား ခဲ့ကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ) မှာ အမှတ် (၁၅)ဖြစ်ပြီး၊ အဆိုပါ တပ်မ လက်အောက်တွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိသည်။ ယခု ခရီးထွက်သွားခဲ့သော တပ်ရင်းများမှာ တတိယအကြိမ်မြောက် စစ်အင်အားထပ်မံ၍ ဖြည့်တင်းပေးလိုက်သော စစ်ဆင်ရေးအလှည့် ကျသော တပ်ရင်းများမှ စစ်ကြောင်းများ ဖြစ်သည်။
အဆိုပါ စစ်အင်အားအလှည့်ကျသည့် တပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းနယ်မြေ အခြေစိုက် ၃၄၅ နှင့် ၃၅၂ တပ်ရင်းများမှ ရှေ့တန်းစစ်ကြောင်းများ ဖြစ်ကြသည်။
ဘူးသီးတောင်မြို့ အခြေစိုက် တပ်မမှာ ဘူးသီးတောင်မြို့ တောင်ဘက်ရှိ ဒေသအခေါ် သပြုတ်ချောင်း (စစ်တပ်အခေါ် ၀ါးခုတ်ချောင်း) နယ်မြေတွင် အခြေစိုက်သည်။ ရခိုင်ပြည်နယ်မှ ရှမ်းပြည်နယ်ဘက်သို့ စစ်အင်အားအဖြစ်ဖြင့် ထွက်သွားသော တပ်ရင်း ၃၅၂ ကို ယာယီတပ်ရင်းမှူး သော်တာထွေး ဦးဆောင်ပြီး၊ ၃၄၅ တပ်ရင်းကို ဗိုလ်မှူး မင်းခိုင်ထွန်း အသီးသီး ဦးဆောင်သွားခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ တပ်ရင်း ၃၅၂ တွင် အရာရှိ ၁၇ ဦးနှင့် ဆရာအကြပ်တပ်သား ၁၁၈ ဦး ပါဝင်ပြီး၊ ၃၄၅ တပ်ရင်းတွင် အရာရှိ ၁၆ ဦးနှင့် ဆရာအကြပ်တပ်သား ၁၂၅ ဦး စုစုပေါင်း ၂၇၆ ဦး အင်အားပါဝင်ကြောင်း ဂစ္ဆပသတင်းဌာနမှ လေ့လာစုံစမ်းချက်များအရ သိရှိရသည်။
အဆိုပါ တပ်မ လက်အောက်ရှိ တပ်ရင်းများမှာ ၃၄၅၊ ၃၅၂၊ ၅၃၅၊ ၃၅၃၊ ၅၃၆၊ ၅၃၇၊ ၅၅၁၊ ၅၅၂၊ ၅၆၄နှင့် ၅၆၅ တပ်ရင်းတို့ဖြစ်သည်။ ၎င်းတပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် ငကျန်တောက်နယ်မြေတွင် အခြေစိုက်သော ၃၅၃နှင့် ၅၃၅တို့ဖြစ်ကြောင်း၊ ၅၅၁ တပ်ရင်းမှာ စိုင်းတောင်ဝ ဖေါ်မျှော်လစ်နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၅၂ မှာ တောင်ပဇာတွင်အခြေစိုက်ကြောင်း၊ ၅၄၆ မှာ ပလေးတောင် နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၆၅ မှာ စံညောင်းဝေနယ်မြေတွင် အခြေစိုက်ကြောင်းနှင့် ရသေ့တောင်မြို့နယ် ၅၃၆နှင့် ၅၃၇ တပ်ရင်းတို့အခြေစိုက်ကြသည်။
တပ်မ (၁၅) လက်အောက်ရှိ တပ်ရင်းများမှာ မြန်မာစစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲနောက်တွင် တလလျှင် တပ်ရင်းနှစ်ရင်းမှ ရှေ့တန်းစစ်ကြောင်း နှစ်ကြောင်းစီ အလှည့်ကျ ရှမ်းပြည်နယ်နှင့် တိုင်းနှင့်ပြည်နယ်များသို့ စစ်အင်အားအဖြည့်ခံအဖြစ် ခရီးထွက်ကြ ရသည်။
ရခိုင်ပြည်နယ်မှ ရှမ်းပြည်နယ်ဘက်သို့ မေလ (၁)ရက်နေ့က ဘူးသီးတောင်သင်္ဘောဆိပ်ကမ်းမှ စတင်ကာ စစ်အင်အားဖြည့်ရန် ခရီး ထွက်သွားခဲ့ကြသော တပ်ရင်းများမှာ စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှ မေလ(၂)ရက်နေ့က အောင်တံခွန်(၆) သင်္ဘောဖြင့် အလျှင်အမြန် ခရီးဆက်သွားကြကြောင်း ရခိုင်ပြည်နယ်မှ မျက်မြင်ကုန်သည်ကြီးတဦးက အောက်ပါအတိုင်းပြောသည်။
“အဲဒီစစ်မြေပြင်သို့ ထွက်သွားကြတဲ့ စစ်သားတွေကို စစ်တပ်တွင်း၌သာမက အရပ်ဖက်မှာလည်း မြေသြဇာတွေဟု ခေါ်တွင် ကြပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရှေ့ဘက် စစ်မြေပြင်သို့ ခရီးထွက်ပြီး ပြန်လာလျှင် အမြဲတမ်း တိုက်ပွဲအတွင်း ကျဆုံးကျန်ခဲ့တဲ့သူတွေ အတွက် အမျှအတန်းဝေရေကျချပွဲတွေကို တပ်တွင်းမိသားစုတွေ ပြုလုပ်လေ့ ရှိကြပါတယ်၊ တချို့ဆိုလျှင် ခြေပြတ်လက်ပြတ်သူ တွေလည်း ပါရှိပါတယ်၊ ဒါ့အပြင် ဒဏ်ရာဆိုးရွားတဲ့ စစ်သားတွေကို သယ်မယူတော့ဘဲ ရှေ့တန်းမှာပစ်သတ်ခဲ့မှုများလည်း ရှိတယ်လို့ သိရပါတယ်၊ ရခိုင်ပြည်နယ်မှာက အခုက စစ်သားတွေကို မမြင်ရတဲ့နေရာလို့ မရှိပါဘူး၊ စစ်ကားတွေနဲ့ သင်္ဘောတွေနဲ့ အသွားအပြန်က ခဏခဏ မြင်နေရလို့ ရိုးနေသလို ဖြစ်နေပါပြီ။”ဟု ကုန်သည်ကြီးမှ ဂစ္ဆပသို့ ရှင်းလင်းပြောကြားသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ တပ်မ လက်အောက်ရှိ တပ်ရင်းများမှ စစ်အုပ်စု ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဒုတိယအကြိမ် အဖြစ် ရှမ်းပြည်နယ်သို့ စစ်အင်အား အဖြည့်ခံအဖြစ်ဖြင့် မတ်လ တတိယအပတ်က အင်အား ၃၀၀ နီးပါးခန့်စေလွှတ်ထားလျှက်ရှိသည်။
ရခိုင်ပြည်နယ်တွင် တပ်မ (စကခ) ၃ ခုရှိပြီး တပ်မ အမှတ် (၁၅)မှာ ဘူးသီးတောင်မြို့တွင် အခြေစိုက်သည်။ တပ်မ (၅) မှာ တောင်ကုတ်မြို့နယ်တွင် အခြေစိုက်သည်။ တပ်မ (၉) မှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်သည်။
အဆိုပါ တပ်မမှ တပ်ရင်း ၁၀ ရင်းအနက် တပ်ရင်း ၈ ရင်းမှ ရှေ့တန်းစစ်ကြောင်း ၈ ကြောင်းမှာ ရှမ်းပြည်နယ်ဘက်သို့ ပထမအကြိမ် စစ်ဆင်ရေးထွက်လျှက်ရှိနေပြီး၊ ယခုနောက်ပိုင်းတွင် တလလျှင်တကြိမ် တပ်ရင်း ၂ ရင်းမှ ရှေ့တန်းစစ်ကြောင်း ၂ ကြောင်း အလှည့်ကျ စစ်အင်အားဖြည့်ရန် တာဝန်ယူကြရသည်။ တပ်မများမှာ ဗဟိုမှတိုက်ရိုက် အမိန့်ညွန်ကြားမှုအရ စစ်ရေးတာဝန်ထမ်းဆောင်ရသည်။

ကိုယ့်ကံကြမ္မာကိုကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်ကျက်သရည် မင်္ဂလာမယှိ၊ တန်းတူရေးလည်း မယှိ၊ အမျိုးသားဘ၀လုံခြုံရေးနန့် နယ်မြေတည်တံ့ခိုင် မြဲရေးလည်း အာမခံချက် တခုလည်းမယှိ။ People Without Self-Determination Have No Dignity, No Equality & No Guarantee for National Security & Territorial Stability.
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။
ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment