ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးပိုင်ခွင့် မယှိရေလူမျိုးတိုင်း ဂုဏ်သိက္ခာ အာမခံဇာတခုလေ့မယှိ။

ပါတီနိုင်ငံရေး၊ တကိုယ်ကောင်းတော်လှန်ရေး၊ အရောင်းမျိုးစုံစွန်းထင်းနိန့်သည့်မှ ဘုံအမျိုးသား အကျိုးစီးပွားအတွက် အမျိုးသားရေးအောင်ပွဲမှ မတူကွဲပြားသော လူအရင်းအမြစ် လုံခြုံရေးအတွက် လုပ်ဆောင်ကြ။

Tuesday, May 31, 2011

ဗဟိုစည်သံ

ဗဟိုစည်သံ




๖ ဗြိုန်း, စောင်စောင်, နယ်ချဲ့က၊ မျိုးပြုန်းစီမံ
ရည်ရွယ်ချက်၊ သတ်ကွင်းချစေ
ဒလဇတ်၊ ပျက်သုန်းနေခိုက်
ဗဟိုစည်သံက၊ ရက္ခိုင်စစ်လို့
စည်ရှိန်မြင့်၊ မင်္ဂလာရောင်ပြန်, ဗြိုန်း, စောင်.။

๖ ရက္ခိုင်မျိုးမှန်လို့၊ အောင်စည်သံပိုင်
စည်သံမြိုင်လို့၊ အောင်ပျိုးထွင်၍
ဘက်စုံနိုးထ၊ မျိုးမြတ်ဖြစ်သို့
ဗဟိုစည်က၊ ရင်ကြားသံကို
ထုထွင်းနေပြီ၊ ညီညွတ်ကြသော်ဝ်, ဗြိုန်း, စောင်.။

๖ ဗဟိုစည်သံ၊ မိုးထက်ညံလို့
သမိုင်းသက်သီ၊ လင်္ကာမြောက်လို့
လာဒ်ကောင်ဗျာလ၊ မျိုးနာမ်ဆင်ပါ
သိမ်းကစစ်ချီ၊ မင်းဘာ-ဘင်္ဂါဆယ့်နှစ်မြို့၌
အောင်စည်ညံခ၊ သမိုင်းသက်သီတည်း, ဗြိုန်း, စောင်.။

๖ ရက္ခိုင်မျိုးဘုရား၊ ပုထိုးအနုလက်ရာ
သဇင်ပန်းခိုင်တမြိုင်မြိုင်၊ သကျသာကီဝင်
ဘုရားပုထိုးလိုင်သည့်၊ ဗျာဒိတ်တော်ဝင်မြေ
ရှေ့မူဟန်ကို၊ ထမ်းရွက်သူမှန်
ရက္ခိုင့်မဏ္ဍိုင်၊ စည်ဇာရိတ္တက
ရက္ခိုင်သွေးစစ်၍၊ နေရာမရွေး
စည်ဂုဏ်ရောင်နဲ့၊ မျိုးစီးပွားကို
မုချရက္ခိုင်၊ ကမ္ဘာတည်သရွေ့ ကဗျည်းထိုးမည်, ဗြိုန်း, စောင်.။

๖ ရက္ခိုင်စည်မှာ၊ ရက္ခိုင့်အလင်းတန်း
စွမ်းကုန်ထိုးဖေါက်၊ မြေချိုးမိုးပျံ
ဒေါင့်စုံတီး၍၊ အောင်စည်ပြိုင်လို့
စည်ကရက္ခိုင်၊ ရက္ခိုင့်အရှိန်က
စနစ်ဆိုးနဲ့၊ နယ်ချဲ့ပြုန်းစေ
ဗိသုကာများ၊ လင်္ကာမြောက်အောင်
ရက္ခိုင့်မာန်စွယ်က၊ ဗဟိုစည်တည်း, ဗြိုန်း, စောင်, ဗြိုန်း။

အောင်သန်း
ရခိုင်ပြည်တပ်မတော် (Arakan Army)
June 1, 2011

Thursday, May 19, 2011

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ

ဂစ္ဆပသတင်းဌာန
မေလ (၁၉)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရခိုင်-ကရင် တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယထောင်မှ လွတ်မြောက်လာ




ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက်မှ ၃၁ ဦးကို အိန္ဒိယအစိုးရက ၁၃ နှစ်ကြာ မတရားသဖြင့် ထိန်းသိမ်းထားရာမှ ယနေ့မေလ (၁၉) ရက်နေ့တွင် ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်အတွင်း ဆက်လက်အကျဉ်းကျခံကြရမည့် ကျန် ၃ ဦးမှာမူ ပို့တ်ဘလေးကျွန်းတွင် အကျယ်ချုပ် နေ ထိုင်စဉ်က ရှိထားခဲ့သော တရားရေးစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရဦးမည် ဖြစ်သောကြောင်း ထပ်မံထိန်းသိမ်းခံထားရဆဲ ဖြစ် ကြောင်း သိရှိရသည်။ UNHCR အိန္ဒိယမှ အဆိုပါ ၃၄ ဦးအား တရားဝင် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း သိရှိ ရသည်။

ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA)လက်အောက်ခံ ရခိုင်ပြည်တပ်မတော် (AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် အဖွဲ့မှာ အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့နှင့် လျှို့ဝှက်သဘောတူညီချက်အရ လန်းဖောကျွန်းသို့အရောက်တွင် အိန္ဒိယ အစိုးရက လွန်ခဲ့သော ၁၉၉၈ ခု၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ဖေါက်ပြန်ခဲ့ပြီး ဗိုလ်ချုပ်ခိုင်ရာဇာ အပါအ၀င် ခေါင်းဆောင် ၆ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်၍ ကျန်ရှိသူများကို ပို့တ်ဘလေးကျွန်းနှင့် ကာလကတ္တားအကျဉ်းထောင်တွင် နှစ်ကြာရှည်စွာ တရား ရင်ဆိုင် စေခဲ့ရာမှ ယခုလွတ်မြောက်လာခြင်း ဖြစ်သည်။

အခုအခါ ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးမှာ ကာလကတ္တားအကျဉ်းထောင်မှ ညနေပိုင်းတွင် လွတ်မြောက်လာပြီး ညဥ့် ဒေလီမြို့တော်သို့ ရောက်ရှိမည်ဖြစ်ကာ ဒေလီရှိ BURMESE COMMUNITY RESOURCE CENTRE (BCRC) ခန့်မ၌ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများက ညနေစာဖြင့် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ငှားရန်းထားသည့် နေအိမ်တွင် ခေတ္တနေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ လုံခြုံရေးအတွက် UNHCR အစီအစဉ်အရ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများကို စောင့်ဆိုင်းနေရမည်ဖြစ်ကြောင်း အိန္ဒိယမှလာသော သတင်းများအရ သိရှိရသည်။




ရခိုင်-ကရင် ၃၁ ဦး၏ ယခုလိုလွတ်မြောက်မှုနှင့် ၎င်းတို့အတွက် ကြိုတင်ပြင်ဆင်မှုအစီအစဉ်အားလုံးကို နိုင်ငံတကာရောက် ဒီမိုကရေစီ အင်အားစုများနှင့် အဖွဲ့အစည်းများက အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် ယခုအခါ UNHCR မှ တရားဝင် အသိအမှတ်ပြု တာဝန်ယူ၍ လွတ်မြောက်လာခြင်းဖြစ်သည်။

ရခိုင်-ကရင် ၃၁ ဦးလွတ်မြောက်လာခြင်းအပေါ် မိခင်ပါတီများ၊ လုပ်ဖေါ်ကိုင်ဖက်များ၊ ဒီမိုကရေစီအင်အားစုများ၊ မျိုးချစ်ပြည်ချစ်များ၊ မဟာမိတ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးလေ့လာသူများအားလုံး ၀မ်းမြောက်ကြကြောင်း သိရှိရသည်။ ပြည်တွင်းမှ နိုင်ငံရေးလေ့လာ သူများလည်း ၀မ်းမြောက်ကြောင်း ပြောဆိုသည်။

အိန္ဒိယအာဏာပိုင်များက ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ ဦးအား အိန္ဒိယနိုင်ငံတွင် တနှစ်တာနေထိုင်ဖို့ သဘောတူခွင့်ပြု လိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမား ၃၄ ဦးမှာ အိန္ဒိယနိုင်ငံ အကျဉ်းထောင်များအတွင်း အိန္ဒိယအာဏာပိုင်များထံ နည်းမျိုးစုံဖြင့် ဥပဒေမဲ့ ညစ်ပစ်မှုများအပြင် ကလိမ်ကျစ်မှုများ ခံခဲ့ကြရသည်။ ထို့ပြင် ဆက်လက်၍လည်း နောက်ထပ်ခေါင်းဆောင် (၃)ဦး ကျန်ရှိနေသေးကြောင်း သိရှိရသည်။

အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာသည့်၊ လွတ်မြောက်ရန်ကျန်ရှိနေသေးသည့် ရခိုင်-ကရင် ၃၄ ဦးမှာ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့မှ တပ်မှူး၊ ခေါင်းဆောင်များဖြစ်ကြသည်။ NUPAနှင့် KNU တို့မှာ မိမိတို့အမျိုးသား ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းပိုင်ခွင့် အပြည့်အ၀ရရှိရေးအတွက် မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အား တရားသော နည်းလမ်းများဖြင့် တိုက်ပွဲဝင်နေကြသော နိုင်ငံရေးပါတီများ ဖြစ်ကြသည်။

ရခိုင်-ကရင် ၃၄ ဦးတွင် KNU မှ အဖွဲ့ဝင် ၁၁ ဦးနှင့် NUPA မှ အဖွဲ့ဝင် ၂၃ ဦးတို့ဖြစ်ကြသည်။ ၃၄ ဦး အနေဖြင့် ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် ကြိုးပမ်းလုပ်ဆောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံတာကာရှိ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများနှင့် မျိုးချစ်ပြည်ချစ်များကို ကျေးဇူးအထူးတင်ကြောင်း ပန်ကြားလိုက်ကြောင်း သိရှိရသည်။

ရခိုင်-ကရင် မျိုးချစ်တော်လှန်ရေးသမားများ ယခုကဲ့သို့ လွတ်မြောက်ရန်အတွက် အိန္ဒိယအာဏာပိုင် ဥပဒေအရ တဦးလျှင် ရူပီ (၆၀၀၀) စီ လွန်ခဲ့သော လအနည်းငယ်ခန့်က အိန္ဒိယအစိုးရထံသို့ ပေးဆောင်ခဲ့ရသည်။

ပြည်တွင်းပြည်ပရှိ ရခိုင်မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် တသီးပုဂ္ဂလများ အနေဖြင့် ယခု အိန္ဒိယအကျဉ်းထောင်မှ လွတ်မြောက်လာကြသူများနှင့် ပူးပေါင်း၍ အမျိုးသားတော်လှန်ရေး လုပ်ဆောင်ရန် မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။

Tuesday, May 17, 2011

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ

ဂစ္ဆပသတင်းဌာန
မေလ (၁၅)ရက်၊ ၂၀၀၁။
http://gissapa.blogspot.com

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)အကြား ညီညွတ်မှုတည်ဆောက်ရေး ကမ်းလှမ်းပြီ

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC-India)မှ (ANC-Thailand)သို့ သမိုင်းပေးတာဝန်အရ တိုက်ပွဲလမ်းညွှန်ချက်နှင့် ပတ်သက်၍ ညီညွတ်မှုတည်ဆောက်ရေး ဆွေးနွေးလိုကြောင်း အိတ်ဖွင့်ပေးစာတစောင်ကို မေလ (၁၁)ရက်နေ့က ပေးပို့ခဲ့ကြောင်း ANC၏ ပေးစာအရ သိရှိရသည်။





ANC-India နှင့် ANC-Thailand တို့အကြား နားလည်မှုလွဲမှားနေကြရာမှ ယခုအခါ ပထမဆုံး ANC-India အနေဖြင့် အမျိုးသား ညီညွတ်ရေး၊ အမျိုးသားခေါင်းဆောင်ဖေါ်ထုတ်ရေး၊ လက်တွဲတိုက်ပွဲဝင်ယင်း မျိုးဆက်သစ်ခေါင်းဆောင်များ ဖေါ်ဆောင်ရေးနှင့် တိုက်ပွဲပုံသဏ္ဍာန်သစ် ရုပ်လုံးဖေါ်ဆောင်ရေးများမှာ ယနေ့တိုက်ပွဲလမ်းညွှန်၌ ဆန်းစစ်တွေ့ရှိကြောင်းကို ANC-Thailand သို့ ဆွေးနွေးအဖြေရှာလို့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India ကို ၎င်းတို့အနေဖြင့် ANC-Thailand အပေါ် မည်သို့အမြင်သဘောထား၍ အိတ်ဖွင့်ပေးစာဖြင့် ဆွေးနွေးရန် အကြောင်းကြားကြောင်း ဆက်သွယ်မေးမြန်းရာ အောက်ပါအတိုင်း ရှင်းလင်းပြောဆိုသည်။

“ကျွန်ုပ်တို့အနေဖြင့် ANC-Thailand ကို ဆွေးနွေးဖို့ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ လွန်ခဲ့တဲ့ မတ်လက India မှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ရှေ့လုပ်ငန်းစဉ်များအနက်မှ ဆုံးဖြတ်ချက် တခုဖြစ်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ရခိုင်ပြည်အမျိုးသားနိုင်ငံရေးတိုက်ပွဲမှာ တိုက်ပွဲလမ်းညွှန်ချက်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးလုပ်ငန်းဟာ စွမ်းရည်နှင့် ပြည့်စုံတဲ့ အမျိုးသားခေါင်းဆောင်ဟာ တိုက်ပွဲမှာလစ်ဟင်းနေတာရယ်၊ တိုက်ပွဲမှာ ရခိုင်မျိုးဆက်သစ်လူငယ်တွေ ပါဝင်လှုပ်ရှားမှုနည်းနေ တာရယ်၊ ရန်သူကိုတိုက်တဲ့အခါ တောတွင်းလက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲဆိုပြီးတော့ သမရိုးကျတိုက်ပွဲနှင့် ချိပ်ဆက်ပြီး တိုက်ပွဲ ပုံသဏ္ဍာန်သစ် ဖေါ်ထုတ်ဖို့လိုအပ်နေတယ်ပါတယ်၊ ဒါကြောင့်တိုက်ပွဲတိုင်းမှာ ဗျူဟာမြောက်လုပ်ငန်းများ အောင်မြင်နိုင်ရေးနဲ့ ချိပ်ဆက် နေတဲ့ဘ၀တူအဖိနှိပ်ခံ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေနဲ့ ဆက်ဆံရေးမှာလည်း ပြေလည်နိုင်ဖို့အတွက် ANC-Thailand ကို ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်၊ ရခိုင်ပြည်သူတွေလည်း ဒီလိုပဲယုံကြည်မှုရှိမယ်လို့ မိမိတို့က ခံယူပါတယ်၊ ဒါ့ကြောင့် ညီညွတ်ရေး တည်ဆောက်ဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။” ဟု ANC-India အထွေထွေအတွင်းရေးမှူး ခိုင်မြ၀ါက ရှင်းပြသွားခြင်း ဖြစ်သည်။

ဂစ္ဆပသတင်းဌာန။ ။ ဟုတ်ကဲ့ပါ။ ANC ရှေ့လုပ်ငန်းစဉ်တွေကို ဘယ်လိုပြုပြင် တည်ဆောက်မည့် ရည်ရွယ်ချက်တွေ ရှိပါသလဲ။ အနည်းငယ် ရှင်းပြလို့ရမလား။

“ANC ကို တိုင်းရင်းသားလူမျိုးများကောင်စီ (ENC)မှာ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်းကို ယာယီရပ်ဆိုင်းထားဖို့ လိုအပ်ပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ENC ရဲ့ဖွဲ့စည်းပုံအရ ပြည်နယ်ကိုကိုယ်စားပြုနိုင်တဲ့ ကောင်စီတွေကို အခြေခံထားလို့ဖြစ်ပါတယ်၊ ENC နိုင်ငံရေးပန်းတိုင်လည်းဘဲ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်၊ ဒါကြောင့် သဘောထားကွဲလွဲနေတဲ့ ANC ကို မိမိတို့အတွင်း ညီညွတ်မှုမရရှိခင်မှာ ENC အဖွဲ့ဝင်အဖြစ်မှ ANC ကို ယာယီရပ်ဆိုင်းဖို့ လိုအပ်ပါတယ်။ ဆိုတော့ ရခိုင်ပြည်နိုင်ငံရေး တိုက်ပွဲမှာ ညီညွတ်ရေးဟာ အမှန်တကယ်လိုအပ်နေလို့ပါပဲ၊ ဒါကိုအတိမ်းအစောင်း မခံနိုင်ဘူး၊ အမှန်တကယ် ENC နဲ့ဖြစ်စေ မည်သည့်ဘ၀တူ အဖိနှိပ်ခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ဖြစ်စေ ချိပ်ဆက်ပြီး ကျွန်ုပ်တို့ရဲ့ ဘုံရန်သူကို တော်လှန်တိုက်ခိုက်တာဟာ အောင်ပွဲအတွက် လိုအပ်တဲ့ညီညွတ်ရေးနဲ့ အားမာန်ပါပဲ၊ ဒီလိုတိုက်ပွဲဖြစ်စဉ်မျိုးဟာ ကျွန်ုပ်တို့ နှစ်ပေါင်း (၂၂၇)နှစ်ကာလအတွင်း ကျူးကျော်ရေးသမား အဆက်ဆက်ကို တော်လှန်တိုက်ခိုက်လာတဲ့ ရခိုင်အမျိုးသားတိုက်ပွဲ သမိုင်းမှာ တိုက်ပွဲထူးခြားချက်တွေ ဖြစ်ပါတယ်၊ အဲဒီထူးခြားချက်ကို ကျွန်ုပ်တို့ညီညီညွတ်ညွတ်နဲ့ ဆုပ်ကိုင်ပြီး အောင်ပွဲအတွက် အသုံးချနိုင်ဖို့ လိုအပ်တာကြောင့် တောင်းဆိုထားတာဖြစ်ပါတယ်၊ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းဟာ ကာလရှည်လျားတဲ့အတွက် တိုက်ပွဲထူးခြားချက်တွေဟာ အလွန်ဘဲကြွယ်ဝပါတယ်၊ တနည်းအားဖြင့် ပြောရင်တော့ တိုက်ပွဲဖြစ်စဉ်တွေဟာ တိုက်ပွဲထူးခြားချက်တွေကို အမြဲဘဲ ပုံဖေါ်ပေးနေတယ်၊ ဒီထူးခြားချက်တွေကို မိမိတို့ရဲ့တိုက်ပွဲမှာ ထိထိမိမိ ဆုပ်ကိုင်ပြီး အသုံးချတတ်ဖို့ဘဲ လိုပါတယ်။” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ANC-India ဦးအရိယာဝံသ မှ ANC-Thailand ဦးသီဟ သို့ လိပ်မူပေးပို့သည့် အိတ်ဖွင့်စာဖြစ်သည်။ အိတ်ဖွင့်စာနှင့်အတူ ANC ကို ENC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားရန် ENC သို့ အိတ်ဖွင့်တောင်းဆိုလွှာ တစောင်ကိုလည်း တပါတည်းပူးတွဲ ပို့ဆောင်ထားခဲ့ခြင်း တွေ့ရှိရသည်။

အဆိုပါ ပေးစာတွင် ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲသမိုင်းကို အဖိနှိပ်ခံရခိုင်ပြည်သူများသည် ကျူးကျော်ရေးသမား အဆက်ဆက်ကို လက်နက်ကိုင်တိုက်ပွဲဖြင့်တမျိုး၊ လူထုတိုက်ပွဲဖြင့်တဖုံ နိုင်ငံရေးအာဏာကို ရခိုင်ပြည်သူ့လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရန် အဆက် မပြတ်တိုက်ခိုက်တော်လှန်ခဲ့ကြကြောင်း ဖေါ်ပြထားသည်။ သမိုင်းအရ ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်ထူးများနည်းတူ ခေါင်းဆောင်များ ယခုအခါ လစ်ဟင်းလျှက်ရှိနေကြောင်းကို မီးမောင်းထိုးပြထားသည်။ ထို့အတွက်ကြောင်း ANC၏ နိုင်ငံရေးတာဝန်သည် တိုက်ပွဲအင်အား ကြီးထွားရန်အတွက် တိုက်ပွဲလမ်းညွှန်ချက်များကို လက်တွေ့ပူးပေါင်းအကောင်အထည် ဖေါ်နိုင်ရန် ဆွေးနွေးဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ရ ခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖေါ်ပြထားသည်။

ဂစ္ဆပသတင်းဌာန။ ။ ANC-India ကို အကယ်၍ ညီညွတ်ရေးဦးတည်ချက်အရ ဆွေးနွေးရန် ကမ်းလှမ်းသည်ကို ANC-Thailand မှ လက်မခံလျှင် မည်သို့ဆောင်သွားမည်ဟု မေးမြန်းရာ “နောက်ထပ်လည်း ညီညွတ်ရေး လုပ်ငန်းများနှင့် အမျိုးသားရေး တာဝန်များကို စိတ်ရှည်ရှည်ဖြင့် လုပ်ဆောင်သွားနိုင်ရန် ကမ်းလှမ်းသွား မည်ဖြစ်ပါတယ်။” ANC-India မှ ပြောသည်။

ဂစ္ဆပသတင်းဌာနမှ ANC-India မှ ANC-Thailand သို့ ညီညွတ်ရေးကို ဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ထားသည့် အိတ်ဖွင့်စာအပေါ် ANC-Thailand အနေဖြင့် မည်သို့ အမြင်သဘောထား ရှိပါသနည်း၊ လက်ခံဆွေးနွေးလားဖို့ ယှိပါသလား အနည်းငယ်ရှင်းပြစေလိုပါကြောင်း၊ ANC-India မှ ANC-Thailandမှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားရန် တောင်းဆိုမှုအပေါ် ANC-Thailand သဘောထားအမြင် အနည်းငယ် ရှင်းလင်းပီးပါရန် ပြန်ကြားစေလိုကြောင်း၊ အကယ်၍ ANC-Thailand အနေဖြင့် ANC-India ဆွေးနွေးမှုကမ်းလှမ်းချက်အပေါ် ယခုလက်မခံခဲ့သော်လည်း ဆက်လက်၍ ဆွေးနွေးဖို့ ANC-India က ကမ်းလှမ်းလာလျှင် မည်သို့သဘောထားအမြင် ရှိပါကြောင်းနှင့် ဂစ္ဆပသတင်းဌာနမှတဆင့် ရခိုင်ပြည်သူလူထုနှင့် ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထားများကိုလည်း ANC-Thailand အနေဖြင့် မည်သို့အမြင် သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြပေးပါရန် မေလ (၁၃)ရက်နေ့က အီးမေးလ်ဖြင့် မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေကြား ခြင်းတစုံတရာ မရရှိသေးပေ။

အမျိုးသားညီညွတ်ရေးကို ဦးတည်၍ ANC-Thailand သို့အိတ်ဖွင့်ပေးစာဖြင့် ကမ်းလှမ်းခြင်းနှင့်အတူ ANCကိုစောင့်ကြည့်နေသည့် ALP ပါတီသို့ ညီညွတ်ရေးတည်ဆောက်ဖို့ ကမ်းလှမ်းရန် အစီအစဉ်များ ရှိပါသဟု ANC-India ကိုမေးမြန်းခဲ့ရာ “ANC သည် ရခိုင်ပြည် အမျိုးသား နိုင်ငံရေးတိုက်ပွဲမှ လိုအပ်ချက်များအနက် မျက်မှောက်လိုအပ်ချက်ဖြစ်သည့် ညီညွတ်ရေး လုပ်ငန်းများကို အခြေအနေ ပေးသည့်အလျှောက် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အမျိုးသားတခုလုံး ညီညွတ်ရေးလုပ်ငန်းများအတွက် အချိန်ကာလနှင့် အခြေအနေက ပေးလာလျှင် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။”ဟု ANC-India မှ ဂစ္ဆပသို့ ရှင်းလင်းဖြေကြားခဲ့သည်။


ဂစ္ဆပသတင်းဌာန။ ။ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးဆုံရပ် (ANFU)မှ ခေါင်းဆောင် အနေဖြင့် ANC အခြေအနေအပေါ် မည်သို့မည်ပုံ သဘောထားအမြင် ရှိပါသနည်း အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။


“၁။ ANFU အနေနဲ့ ကွဲပြဲတယ်ဆိုတာကို လုံးဝအလိုမရှိပါဘူး။ ၂။ ရခိုင်သားတိုင်း၊ ရခိုင်အဖွဲ့အစည်းတိုင်း ရခိုင့်အောင်လံတော် တခုတည်းအောက်မှာ ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ၃။ ကျွန်တော်တို့ အဖွဲ့အစည်းအမည်ကိုယ်က ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးဆုံရပ် (ANFU) ဖြစ်ပါတယ်၊ အကြမ်းမဖက်တဲ့ မည်သည့်ညီညွတ်ရေးမျိုးကိုမဆို လုပ်ဖို့ကြိုးစားလျှင် ကြိုဆိုပါတယ်။ ၄။ ANC ကိုတစည်းတလုံးတည်းဖြစ်အောင် လုပ်ကြဖို့ ANFUမှာ အစကတည်းက မူရှိပြီးသားပါ။ ၅။ အကြောင်းအမျိုးမျိုး ကြောင့် ကျွန်တော်တို့ လုပ်ဖို့နှောက်နှေးနေတဲ့အချိန်မှာ သူတို့ချင်းဖိတ်ခေါ်ပြီး ညီညွတ်သွားကြမယ်ဆိုရင် သာဓုပါ။” ဟု ၁၉၈၈ ခုနှစ် NUFU အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ယခု ANFU ခေါင်းဆောင် ခိုင်အာဏာနီက ပြောသည်။

ဂစ္ဆပသတင်းဌာနအနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေးနိုးကြားနေကြသူများဖြစ်ကြသည့် ကျောင်းသားလူငယ်များကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကြိုဆိုလက်ခံပါကြောင်း၊ ပြည်တွင်းလူထုအခြေအနေမှာလည်း ပြည်ပနိုင်ငံရေး အင်အားစုများ တစည်းတလုံးတည်းကို လိုအပ်ပါကြောင်းနှင့် ပြည်ပပြည်တွင်းနှင့် ပူပေါင်းလုပ်ဆောင်မှသာ မိမိတို့၏ ရည်မှန်းချက်ပန်တိုင်သို့ ရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့ကြသည်။

သို့သော်လည်း ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ဆက်သွယ်မေးမြန်းခဲ့မှုများကို အကြောင်းအမျိုးမျိုးကြောင့် ဖြေကြားခြင်းများ ယနေ့အထိ မရရှိသေးပေ။

ဂစ္ဆပသတင်းဌာန။ ။ ANC-Indiaမှ ANC-Thailand သို့ ညီညွတ်ရေးကိုဦးတည်လျှက် နိုင်ငံရေးဆွေးနွေးအဖြရှာရန် ပီးပို့ ထားသည့် အိတ်ဖွင့်စာအပေါ် RWU မှဗဟိုကော်မတီတဦး အနေဖြင့် မည်သို့အမြင်သဘောထား ယှိပါသနည်း၊ လက်ခံဆွေးနွေးသွားဖို့ ယှိပါရေလို့ ထင်မြင်ယူဆပါသလား အနည်းငယ်ရှင်းပြစေလိုပါသည်။

“ကျမ ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဗဟိုကော်မီတီဝင်တဦးအနေနဲ့ ပြောချင်တာက အခုလို ပေါင်းစည်းညီညွတ်ရေးကို ဦးတည်လုပ်ဆောင်နေတာကို ကြားရလို့ အတိုင်းထက်အလွန်ဝမ်းမြောက်မိပါတယ်။ ပေါင်းစည်းညီညွတ်နိုင်ကြဖို့အတွက် သိပ်ပြီးတော့လို လားတာကြာပါပြီ၊ ကျမတို့ ရခိုင်အဖွဲ့အစည်းတွေ အကွဲကွဲအခြမ်းခြမ်းဖြစ်နေကြတဲ့ အတွက်ကြောင့် ကျမတို့ ရခိုင်အရေးကို ဆောင်ရွက် ရတဲ့အခါမှာ တိုင်းရင်းသားများနှင့်သော်လည်းကောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်သော်လည်းကောင်း ဆက်ဆံစကားပြောဆိုရ တာဟာ အားမရှိသလို ခံစားရပါတယ်၊ မျက်နှာပန်းမလှအခြေအနေအထိ ရှိနေပါတယ်၊ အဲဒီအတွက်ကြောင့် ကျမနှင့်အတူ တခြားရခိုင်သူ၊ ရခိုင်သားတွေကလည်း လိုလားလိမ့်မယ်ဟု ကျမမျှော်လင့်ပါတယ်၊ နောက်တချက်က ANC-India မှ ANC-Thailand သို့ ပေးတဲ့စာအရ ရခိုင်ပြည်နိုင်ငံရေးတိုက်ပွဲမှာ လမ်းညွန်ပြသနေတာဟာ အချက်(၄)ချက်ပါရှိတာကို တွေ့ရပါတယ်၊ အဲဒီအချက်တွေဟာ အမှန်တကယ် ဦးတည်ချက်၊ ရည်မှန်းချက်ကောင်းတဲ့ အချက်တွေဖြစ်ကြပါတယ်။”ဟု စောစောမိမိသန်းက ပြောသည်။

ဆက်လက်ပြီးသူမက “အဖွဲ့အစည်းပေါင်းမြောက်များစွာကို တည်ထောင်ခဲ့ပြီးပါပြီ၊ ဦးတည်ချက်တွေကို ဖတ်လိုက်ရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကမှ ဦးတည်ချက်မကောင်းကြောင်းကို မတွေ့ရှိခဲ့ပါ၊ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်တွေဟာ ကောင်းကြ ပါတယ်၊ ဒါပေမဲ့လက်တွေ့လုပ်ဆောင်မှုတွေကို ကြည့်တဲ့အခါမှာ အားလုံးဦးတည်ချက်၊ ရည်မှန်းချက်နဲ့ အကွဲကွဲအပြားပြား ဖြစ်နေကြပြီး လွဲလျှော်နေတာကို တွေ့ရပါတယ်၊ အဲဒါတွေကို ကျမသုံးသပ်ရသလောက် တယောက်နဲ့တယောက်အကြား ငါဗိုလ်၊ သူဗိုလ်လုမှု၊ အစားမတည့်မှု၊ ငါ့နဲ့မတူငါ့ရန်သူဖြစ်မှု စစ်အုပ်စုမှာရှိတဲ့စိတ်ဓါတ်အလား ခေါင်းဆောင်ပြောသမျှသော စကားများကို ထောက်ခံသော သူသာ ဦးစားပေးခံရမှုစတဲ့အချက်များနဲ့ ပြည့်တင်းနေတဲ့အတွက်ကြောင့်ဟု မြင်ပါတယ်၊ အဲသလိုပြုလုပ်မှုတွေ များလာသည်နှင့်အမျှ ရခိုင်သူ၊ ရခိုင်သားတွေမှာ တယောက်နဲ့တယောက် ယုံကြည်မှုကိုတည်ဆောက်ဖို့ များစွာအလှမ်းဝီးကွာ သွားတတ်ကြပါတယ်၊ ယုံကြည်မှုဆိုတာဟာ သိပ်ကိုအရေးကြီးသလို ရခိုင်သူ၊ ရခိုင်သားတဦးချင်းစီ၊ တဖွဲ့ချင်းစီကလည်း လူအများယုံကြည်လက်ခံလာ နိုင်အောင်ပြဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျမအမြင်ကို ပြောရရင် ANC-Indiaကို ANC-Thailand က ယုံကြည်မှုရှိရင် လက်ခံဆွေးနွေးဖို့ ရှိလိမ်မယ်ဟု မြင်ပါတယ်။”

ဂစ္ဆပ။ ။ ANC-India မှ ANC-Thailand မှာ ENC အဖွဲ့ဝင်ဖြစ်နေမှုအပေါ် ရခိုင်ပြည်အမျိုးသားညီညွတ်ရေး ဆွေးနွေးမှုကာလတွင် ယာယီရပ်ဆိုင်းထားဖို့ တောင်းဆိုမှုအပေါ် RUW သဘောထားအမြင် အနည်းငယ် ရှင်းလင်းပေးစေလိုပါတယ်။

“ဒီမေးခွန်းကို ကျမအမြင်ပြောရမယ်ဆိုရင် ENC ကို ကျမလုံးဝအယုံအကြည်မရှိ ပြောရမှာဖြစ်ပါတယ်၊ ENC အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ အခုလို အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့တခုဖြစ်ပါလျှက် ENC အဖွဲ့က ရခိုင့်နိုင်ငံရေးမှာ ANC ဖြစ်ပျက်နေတဲ့ အနေအထားကို သိရှိပြီးဖြစ်တယ်၊ သိလျှက်နဲ့ ပေါင်းစည်းမှုရရှိအောင် ပထမကြားဝင်းမကြိုးစား၊ ညီညွတ်မှုရှိအောင် မကြိုးစားပဲနဲ့ ANC-Thailand နဲပသာ လက်တွဲပူးပေါင်း ပြုလုပ်နေခြင်းသည် ရခိုင်သားသွီးစည်း ညီညွတ်ရေးကို ဖြိုခွဲနေသည်သာမက ရခိုင်အဖွဲ့တဖွဲ့ကိုပြ၍၎င်း နိုင်ငံတကာထံမှ ဘတ်ဂျတ်ရရှိရေးအတွက် ကြိုးစားနေသလား၊ ဒါ့ပြင် ENCမှ ပြောဆိုနေတဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးဆိုသည့်အချက်က မှန်ပါသလားဟု မိမိသုံးသပ်မိပါတယ်။”

နောက်ထပ် ဂစ္ဆပသတင်းဌာနမှတဆင့် RUW အနေဖြင့် ရခိုင်ပြည်သူလူထုနှင့် မျက်မှောက်ရခိုင်ပြည်နိုင်ငံရေးအပေါ် အမြင်သဘောထား များကိုလည်း မည်သို့အမြင်သဘောထားများ ရှု့ဒေါင့်ပေါင်းစုံမှ ရှင်းပြချင်ပါသနည်း။

“ရခိုင်သားအဖွဲ့အစည်းတွေကြားမှာ သံသယရှင်းဖို့ဆိုတာဟာလည်း ဒီလောက်အမှားတွေလုပ်ခဲ့ပြီးမှ လွယ်လွယ်ကူကူနဲ့ ဖြစ်ဖို့မလွယ်လို့ မြင်ပါတယ်၊ ပေါင်းစည်းနိုင်သည့်ဆိုသည့်တိုင် တယောက်အပေါ်တယောက်၊ တဖွဲ့အပေါ်တဖွဲ့က သံသယက အချိန်အနည်းငယ်နဲ့ ကုစားလို့ရနိုင်ဖို့ မမြင်ပါ၊ ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုတွေကိုမပြုလုပ်ပဲ ဒီအတိုင်းဆက်လုပ်သွားနေရင် ပေါင်းလိုက်ကွဲလိုက်နဲ့ ဖြစ်နေ ကြမှာပဲ၊ ဒီနေ့ဟာ ပြည်တွင်းအရှိန်လည်း အားလုံးမျက်စီဖွင့်၊ နားဖွင့်ရှိနေတဲ့ ကာလဖြစ်ပါတယ်၊ ကြိုးစားနေကြတာကိုလည်း တွေ့ရပါတယ်၊ ရခိုင်ပြည်အနာဂါတ်အတွက် အခုလိုအားတက်သရော ပါဝင်လာကြတာဟာ ပြည်တွင်းပြည်ပချိပ်မိပြီး ပူးပေါင်းလုပ် ဆောင်ကြရင် အင်အားလို့မြင်ပါတယ်၊ ပြည်ပမှာရှိတဲ့အဖွဲ့အစည်းတွေ အားနည်းလာကြတာကိုမြင်ရလို့ လုံးဝစိတ်မကောင်းပါ၊ တချိန် တည်းမှာ ကျမပြည်ပရခိုင်အဖွဲ့အစည်းတွေကို ပြောချင်တာက လူထုအားကောင်းနေတဲ့အချိန်မှာ ကျမတို့နောက်မဆုတ်ကြပါနဲ့၊ လူထုကို အားတက်သရောကြိုးစားပြကြဖို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်၊ ပြည်တွင်းကိုလည်း မိမိတို့နဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြဖို့ မှာချင် ပါတယ်။” ဟု လူငယ်အမျိုးသမီးတဦးဖြစ်သူ RWU ဗဟိုကော်မတီအဖွဲ့ဝင် စောမိမိသန်းက ပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အခြေစိုက် အဝေးရောက်ရခိုင်အလုပ်သမားအဖွဲ့မှ ဘဏ္ဍာရေးမှူး ဆရာဦးခိုင်ထွန်းက“အမျိုးသားစည်းလုံးညီညွတ်ရေး ကို တည်ဆောက်လို့ရရင် ကောင်းပါတယ်၊ အဲဒီတည်ဆောက်မှု အောင်မြင်ဖို့ဆိုရင် ပိုမိုပြီးတော့ ကောင်းမှာပါ၊ နောက်ပြီးတော့ တည်ဆောက်တဲ့နေရာမှာ တာရှည်တည်တံ့ခိုင်မြဲဖို့ အတွက်ဆိုရင် ပိုမိုပြီးကောင်းပါတယ်၊ အခုလိုရခိုင်အမျိုးသားများအကြား ညီညွတ် မှုတည်ဆောက်မည့် ကမ်းလှမ်းစာကို ကြိုဆိုပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ဒီကိစ္စတွေက အများနှင့်သက်ဆိုင်တဲ့ အမျိုးသားရေး လုပ်ငန်းတွေဖြစ်ပါတယ်၊ ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးပါတီဖြစ်ဖြစ်၊ ဘာသာရေး၊ လူမှုရေးအသင်းတွေဖြစ်ဖြစ် အမျိုးသား အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့အဖွဲ့ကို ကမ်းလှမ်းလာရင် အမြဲတမ်းကြိုပါတယ်။”ဟု ဂစ္ဆပသတင်းဌာန သို့ပြောသည်။

ဂစ္ဆပသတင်းဌာန အနေဖြင့် ဘက်ပေါင်းစုံ အမြင်သဘောထားများကို အတတ်နိုင်ဆုံး ANC လက်ရှိဖြစ်ပေါ်နေသော အခြေအနေအပေါ် သုံးသပ်အဖြေရှာကြရန် မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီခဲ့ပေ။ သို့သော်လည်း ထိတွေ့မိသမျှ လေ့လာစုံစမ်းခဲ့ရာတွင် ရခိုင်အမျိုးသားများသာမက တခြားအမျိုးသားများကပါ ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုကို လိုအပ်နေ ကြကြောင်း ပြောဆိုကြသည်။

Saturday, May 14, 2011

ရှမ်းပြည်နယ်ဘက်သို့ ရခိုင်ပြည်နယ်မှ တတိယအကြိမ်မြောက် တပ်ရင်း ၂ ရင်း စစ်အင်အားထပ်မံပို့

ဂစ္ဆပသတင်းဌာန
မေလ (၁၃)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

ရှမ်းပြည်နယ်ဘက်သို့ ရခိုင်ပြည်နယ်မှ တတိယအကြိမ်မြောက် တပ်ရင်း ၂ ရင်း စစ်အင်အားထပ်မံပို့

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် (စကခ) လက်အောက်ရှိ တပ်ရင်းများအနက် တပ်ရင်း ၃၄၅နှင့် ၃၅၂တို့မှာ ရှမ်းပြည်နယ်သို့ စစ်ဆင်ရေးတာဝန်ဖြင့် မေလ(၁)ရက်နေ့က စတင်ခရီးထွက်သွား ခဲ့ကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ အခြေစိုက် စကခ (တပ်မ) မှာ အမှတ် (၁၅)ဖြစ်ပြီး၊ အဆိုပါ တပ်မ လက်အောက်တွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိသည်။ ယခု ခရီးထွက်သွားခဲ့သော တပ်ရင်းများမှာ တတိယအကြိမ်မြောက် စစ်အင်အားထပ်မံ၍ ဖြည့်တင်းပေးလိုက်သော စစ်ဆင်ရေးအလှည့် ကျသော တပ်ရင်းများမှ စစ်ကြောင်းများ ဖြစ်သည်။

အဆိုပါ စစ်အင်အားအလှည့်ကျသည့် တပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းနယ်မြေ အခြေစိုက် ၃၄၅ နှင့် ၃၅၂ တပ်ရင်းများမှ ရှေ့တန်းစစ်ကြောင်းများ ဖြစ်ကြသည်။

ဘူးသီးတောင်မြို့ အခြေစိုက် တပ်မမှာ ဘူးသီးတောင်မြို့ တောင်ဘက်ရှိ ဒေသအခေါ် သပြုတ်ချောင်း (စစ်တပ်အခေါ် ၀ါးခုတ်ချောင်း) နယ်မြေတွင် အခြေစိုက်သည်။ ရခိုင်ပြည်နယ်မှ ရှမ်းပြည်နယ်ဘက်သို့ စစ်အင်အားအဖြစ်ဖြင့် ထွက်သွားသော တပ်ရင်း ၃၅၂ ကို ယာယီတပ်ရင်းမှူး သော်တာထွေး ဦးဆောင်ပြီး၊ ၃၄၅ တပ်ရင်းကို ဗိုလ်မှူး မင်းခိုင်ထွန်း အသီးသီး ဦးဆောင်သွားခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တပ်ရင်း ၃၅၂ တွင် အရာရှိ ၁၇ ဦးနှင့် ဆရာအကြပ်တပ်သား ၁၁၈ ဦး ပါဝင်ပြီး၊ ၃၄၅ တပ်ရင်းတွင် အရာရှိ ၁၆ ဦးနှင့် ဆရာအကြပ်တပ်သား ၁၂၅ ဦး စုစုပေါင်း ၂၇၆ ဦး အင်အားပါဝင်ကြောင်း ဂစ္ဆပသတင်းဌာနမှ လေ့လာစုံစမ်းချက်များအရ သိရှိရသည်။

အဆိုပါ တပ်မ လက်အောက်ရှိ တပ်ရင်းများမှာ ၃၄၅၊ ၃၅၂၊ ၅၃၅၊ ၃၅၃၊ ၅၃၆၊ ၅၃၇၊ ၅၅၁၊ ၅၅၂၊ ၅၆၄နှင့် ၅၆၅ တပ်ရင်းတို့ဖြစ်သည်။ ၎င်းတပ်ရင်းများမှာ ဘူးသီးတောင်မြို့နယ် ငကျန်တောက်နယ်မြေတွင် အခြေစိုက်သော ၃၅၃နှင့် ၅၃၅တို့ဖြစ်ကြောင်း၊ ၅၅၁ တပ်ရင်းမှာ စိုင်းတောင်ဝ ဖေါ်မျှော်လစ်နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၅၂ မှာ တောင်ပဇာတွင်အခြေစိုက်ကြောင်း၊ ၅၄၆ မှာ ပလေးတောင် နယ်မြေတွင်အခြေစိုက်ကြောင်း၊ ၅၆၅ မှာ စံညောင်းဝေနယ်မြေတွင် အခြေစိုက်ကြောင်းနှင့် ရသေ့တောင်မြို့နယ် ၅၃၆နှင့် ၅၃၇ တပ်ရင်းတို့အခြေစိုက်ကြသည်။

တပ်မ (၁၅) လက်အောက်ရှိ တပ်ရင်းများမှာ မြန်မာစစ်အုပ်စု၏ ၂၀၁၀ ရွေးကောက်ပွဲနောက်တွင် တလလျှင် တပ်ရင်းနှစ်ရင်းမှ ရှေ့တန်းစစ်ကြောင်း နှစ်ကြောင်းစီ အလှည့်ကျ ရှမ်းပြည်နယ်နှင့် တိုင်းနှင့်ပြည်နယ်များသို့ စစ်အင်အားအဖြည့်ခံအဖြစ် ခရီးထွက်ကြ ရသည်။

ရခိုင်ပြည်နယ်မှ ရှမ်းပြည်နယ်ဘက်သို့ မေလ (၁)ရက်နေ့က ဘူးသီးတောင်သင်္ဘောဆိပ်ကမ်းမှ စတင်ကာ စစ်အင်အားဖြည့်ရန် ခရီး ထွက်သွားခဲ့ကြသော တပ်ရင်းများမှာ စစ်တွေမြို့ သင်္ဘောဆိပ်ကမ်းမှ မေလ(၂)ရက်နေ့က အောင်တံခွန်(၆) သင်္ဘောဖြင့် အလျှင်အမြန် ခရီးဆက်သွားကြကြောင်း ရခိုင်ပြည်နယ်မှ မျက်မြင်ကုန်သည်ကြီးတဦးက အောက်ပါအတိုင်းပြောသည်။

“အဲဒီစစ်မြေပြင်သို့ ထွက်သွားကြတဲ့ စစ်သားတွေကို စစ်တပ်တွင်း၌သာမက အရပ်ဖက်မှာလည်း မြေသြဇာတွေဟု ခေါ်တွင် ကြပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရှေ့ဘက် စစ်မြေပြင်သို့ ခရီးထွက်ပြီး ပြန်လာလျှင် အမြဲတမ်း တိုက်ပွဲအတွင်း ကျဆုံးကျန်ခဲ့တဲ့သူတွေ အတွက် အမျှအတန်းဝေရေကျချပွဲတွေကို တပ်တွင်းမိသားစုတွေ ပြုလုပ်လေ့ ရှိကြပါတယ်၊ တချို့ဆိုလျှင် ခြေပြတ်လက်ပြတ်သူ တွေလည်း ပါရှိပါတယ်၊ ဒါ့အပြင် ဒဏ်ရာဆိုးရွားတဲ့ စစ်သားတွေကို သယ်မယူတော့ဘဲ ရှေ့တန်းမှာပစ်သတ်ခဲ့မှုများလည်း ရှိတယ်လို့ သိရပါတယ်၊ ရခိုင်ပြည်နယ်မှာက အခုက စစ်သားတွေကို မမြင်ရတဲ့နေရာလို့ မရှိပါဘူး၊ စစ်ကားတွေနဲ့ သင်္ဘောတွေနဲ့ အသွားအပြန်က ခဏခဏ မြင်နေရလို့ ရိုးနေသလို ဖြစ်နေပါပြီ။”ဟု ကုန်သည်ကြီးမှ ဂစ္ဆပသို့ ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ တပ်မ လက်အောက်ရှိ တပ်ရင်းများမှ စစ်အုပ်စု ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဒုတိယအကြိမ် အဖြစ် ရှမ်းပြည်နယ်သို့ စစ်အင်အား အဖြည့်ခံအဖြစ်ဖြင့် မတ်လ တတိယအပတ်က အင်အား ၃၀၀ နီးပါးခန့်စေလွှတ်ထားလျှက်ရှိသည်။

ရခိုင်ပြည်နယ်တွင် တပ်မ (စကခ) ၃ ခုရှိပြီး တပ်မ အမှတ် (၁၅)မှာ ဘူးသီးတောင်မြို့တွင် အခြေစိုက်သည်။ တပ်မ (၅) မှာ တောင်ကုတ်မြို့နယ်တွင် အခြေစိုက်သည်။ တပ်မ (၉) မှာ ကျောက်တော်မြို့နယ်တွင် အခြေစိုက်သည်။

အဆိုပါ တပ်မမှ တပ်ရင်း ၁၀ ရင်းအနက် တပ်ရင်း ၈ ရင်းမှ ရှေ့တန်းစစ်ကြောင်း ၈ ကြောင်းမှာ ရှမ်းပြည်နယ်ဘက်သို့ ပထမအကြိမ် စစ်ဆင်ရေးထွက်လျှက်ရှိနေပြီး၊ ယခုနောက်ပိုင်းတွင် တလလျှင်တကြိမ် တပ်ရင်း ၂ ရင်းမှ ရှေ့တန်းစစ်ကြောင်း ၂ ကြောင်း အလှည့်ကျ စစ်အင်အားဖြည့်ရန် တာဝန်ယူကြရသည်။ တပ်မများမှာ ဗဟိုမှတိုက်ရိုက် အမိန့်ညွန်ကြားမှုအရ စစ်ရေးတာဝန်ထမ်းဆောင်ရသည်။

မြန်မာ့မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးကို ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ် ဖမ်းဆီးရမိ

ဂစ္ဆပသတင်းဌာန
မေလ (၁၄)ရက်၊ ၂၀၁၁။
http://gissapa.blogspot.com

မြန်မာ့မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးကို ဘင်္ဂလာ နယ်စပ်လုံခြုံရေးတပ် ဖမ်းဆီးရမိ




မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် တင်သွင်းသော မြန်မာ့မူးယစ်ဆေးဝါးများကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Bangladesh Guard Battalion – BGB) အမှတ် (၁၇)မှ ရက်အနည်းငယ်အတွင်း ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုး ဖမ်းဆီးရမိကြောင်း ထုတ်ပြန် ကြေငြာလိုက်သည်။

အဆိုပါ BGB ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများမှာ မြန်မာလုပ် အရက် ၆၃၂ ပုလင်း၊ မြင်းဆေးပြား ၁၀၇၆ လုံး၊ ဂင်ဇာ ၃၉၀၀ ကေဇီနှင့် တခြားတရားမ၀င် မြန်မာပစ္စည်းများ ပါဝင်ကြောင်း အတည်ပြု ပြောဆိုလိုက်သည်။

BGB ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများကို ကော့စ်ဘဇားခရိုင်အတွင်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းနှင့် မတ်လ (၁)ရက်နေ့မှ မေလ (၁၂)ရက်နေ့အတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသည်။

မြန်မာ့မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ ဘင်္ဂလီအမျိုးသမီးတဦးကို ဖမ်းဆီးရမိကြောင်းနှင့် တချို့ မူးယစ်ဆေးဝါးဖေါက်ကားသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။

BGB အမှတ် (၁၇)မှ တပ်ရင်းမှူး ဗိုလ်မှူး မိုဟာမတ် ခါလေကူဇ္ဇာမာ(န်)မှ ကြာသပတေးနေ့က ဒေသအတွင်း သတင်းထောက်များသို့ မူးယစ်ဆေးဝါးသတင်းနှင့် မူယစ်ဆေးဝါးအခင်းအကျင်းများကို ထုတ်ဖေါ်ပြသပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် BGB အမှတ် (၁၇)တပ်ရင်းမှ မြန်မာ့မူးယစ်ဆေးဝါး ခင်းကျင်းပြသမှု အခမ်းအနားကို ကော့စ်ဘဇားမြို့နယ် ရုပ်မြင်သံကြား၌ ပြသခဲ့ပြီး၊ ဒေသအတွင်းမှ တချို့တာဝန်ရှိကြသည့် လူကြီးလူကောင်းများ တက်ရောက်လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖမ်းဆီးရမိသည့် မြန်မာ့မူးယစ်ဆေးဝါးများနှင့် တချို့နိုင်ငံများမှ မူးယစ်ဆေးဝါးများကို နှစ်စဉ်နှစ်တိုင်း ခင်းကျင်း ပြသပြီး မီးရှိုးဖျက်ဆီးလေ့ရှိသည်။ တခြားနယ်မြေများတွင် အခြေစိုက် BGB တပ်ဖွဲ့များမှာလည်း ၎င်းနည်းတူ မြန်မာ့မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိထားမှုမှာ အမြောက်အများရှိကြောင်း သိရှိရသည်။

မြန်မာ့မူးယစ်ဆေးဝါးများကို ဘင်္ဂလာအာဏာပိုင်များက ၎င်းတို့နိုင်ငံအတွင်း ဖေါ်ထုတ်ဖမ်းဆီးနိုင်ရန် နယ်စပ်မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စစ်ဆင်ရေးကို အဓိကလုပ်ဆောင်နေပြီး နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့များမှာ မြန်မာ့မူးယစ်ဆေးဝါးများကို မကြာခဏ ဖမ်းဆီး ဖေါ်ထုတ်နိုင်ကြောင်း ကော့စ်ဘဇားခရိုင် ဒေသထုတ် သတင်းစာများတွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံတနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ဘင်္ဂလာသို့ တရားမ၀င် မူးယစ်ဆေးဝါး တင်သွင်းမှုများတွင် ရခိုင်ပြည်နယ် အခြေစိုက် စစ်အုပ်စု စစ်တပ်အရာရှိ အကြီးအကဲများ ကိုယ်တိုင်ပါဝင်နေကြောင်း နယ်စပ်သတင်းများကဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါးအဖြစ် နိုင်ငံထုတ်ဆေးဝါးတချို့နှင့် အိန္ဒိယနိုင်ငံထုတ် ဖန်ဆီဒင်းများကို တရားမ၀င်တင်သွားကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

ဆက်သွယ်ရန် - +88 01715445478

အမျိုးသီလ နှစ်ဌါနဆိုတာ ရခိုင်တွေရဲ့ သွေး

အမျိုးသီလ နှစ်ဌါနဆိုတာ ရခိုင်တွေရဲ့ သွေး

ရမ္မာဝတီ အရှင်ပညာစာရ သတင်းတွေ ဖတ်ရတော့ သွေးတွေ ဗလောင်ဆူပွစေခဲ့တယ်။ ဒီသတင်းတွေကို အခြေခံပြီး စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ရှုတ်ချကာ ဆောင်းပါးတပုဒ်ရေးဖို့ စိတ်ကူးရှိပေမယ့် လက်ကချမရေးဖြစ်ခဲ့။ သတင်းဌာနပေါင်းစုံက သတင်းတွေကို အချိန်ယူပြီး အသေးစိတ် ဖတ်ဖြစ်တယ်။ အသေးစိတ်သွေးတွေကို ဆူလောင်စေတဲ့လုပ်ရပ်။ စစ်တွေကို သုံးလေးကြိမ်လောက် ဖုံးဆက်ဖြစ်ပြီး ထင်မြင်ချက်တွေ နားထောင်ကြည့်တယ်။




အမျိုးသီလ နှစ်ဌာနဆိုတာ ရခိုင်တွေရဲ့သွေး။ တပ်မတော်ထဲက ရခိုင်တွေ ဒီဗီဇသွေး ပျောက်ကုန်ပြီလား။ လက်ထဲက သေနတ်တွေ အမျိုးသီလ နှစ်ဌာန အတွက်ကာကွယ်သင့်တယ်။ ရမ္မာဝတီ အရှင်ပညာစာရရဲ့ ရှေးဟောင်း အမွေအနှစ်တွေဆုံးရှုံးတာ မဟုတ်ဘူး။ ရခိုင်တမျိုးသားလုံးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဆုံရှုံးတာဖြစ်တယ်။ ရှေးဟောင်း ပေစာတွေမှာ အကြောင်းအရာမျိုးစုံပါနေလိမ့်မယ်၊ ရှေးခေတ် ရခိုင်စာပေရဲ့မှတ်တမ်းတွေ၊ စာပေလက်ရာတွေဖြစ်တဲ့အတွက် တန်းဖိုး ပိုင်းဖြတ်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ရခိုင်ဒင်္ဂါး။ ပြောရရင် ရခိုင်က သီးခြား နိုင်ငံတော်အဖြစ် နေခဲ့စဉ်ကနိုင်ငံရဲ့ ငွေကြေး ထုတ်လုပ်ခဲ့ခြင်းဟာ မြန်မာ(ဗမာ)တွေထက်နှစ်ပေါင်းများစွာ စောတယ်။ ဒီ ဒင်္ဂါး (ငွေကြေး) တွေဟာ လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုကို ပြသနေတာဖြစ်တယ်။ ပညာရှင်တွေ ပြောကြတာကတော့ လူမျိုးတစ်မျိုးယဉ်ကျေးမှု ဘယ်လောက်ဖွံ့ဖြိုး တိုးတက်သလဲဆိုတာကို အဲဒီလူမျိုးရဲ့ဂန္တ၀င်ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ တိုင်းတာရတယ်လို ပြောကြတယ်။

သတင်းအချက်အလက်တွေအရ စာရင်းဇယားမရှိပဲ ဆရာတော် စုဆောင်းထားတဲ့ ရှေးဟောင်းပေစာ၊ ရခိုင်ဒင်္ဂါး (ရခိုင်ပိုက်ဆံ) စတဲ့ ရှေးဟောင်း အမွေအနှစ်တွေကိုအတင်းအဓမ္မ သိမ်းယူလိုက်ခြင်းဟာ ရခိုင်တစ်မျိုးသားလုံး အနေနဲ့ အတိတ်ကိုပြန်ပြောင်း သတိရသင့်တယ်။ အတိတ်ကို ပြန်ပြောင်းသတိရတဲ့ လူတွေလည်းရှိကြမယ်။ ပြောရရင် နှစ်ပေါင်း နှစ်ရာကျော် ကြာသွားခြင်းဟာ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးအတွက် ကြာတဲ့ အချိန်ကာလမဟုတ်ဘူး။

အတိတ်ကို ပြန်ပြောင်း သတိရခြင်းနဲ့အတူ ကိုယ့်ပြည်သူတွေအတွက်ဘာတွေပေးသင့်သလဲ၊ အတိတ်ကို ပြန်ပြောင်းသတိရသင့်တယ် ဆိုတာ သတိရရုံအဆင့်ကိုကျော်လွန်ပြီး တပ်မတော်ထဲက ရခိုင်လူမျိုးတွေ အထူး နားလည်သင့်တယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ တပ်မတော်ထဲက ရခိုင်တွေက ပိုပြီးရှိတယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ လက်ထဲမှာ ရှိတယ်။ ဒီနေရာမှာ အသေအချာ ပြောချင်တာက နိုင်ငံရေး အရောင်အသွေးမပါဘူး။ ပြီးတော့ တပ်မတော်ဆိုတဲ့ စကားလုံးကို အခြေခံပြီး လူတစ်စုက လုပ်နေတယ် ဆိုတာကို ပြောချင်တယ်။

၁၇၈၄ တုန်းက ရခိုင့်ယဉ်ကျေးမှု အမွေအနှစ်တွေ ဘာဖြစ်သွားသလဲ။ ပြန်စဉ်းစားသင့်တယ်။ ယူလို့ရတာ အကုန်ယူ၊ ယူလို့ မရရင် မီးရှို့။ မန္တလေးရောက် ရခိုင်မဟာမုနိဘုရားက သက်သေပြနေတယ်၊ ယူမရတဲ့ ရခိုင့်ဘုရင့်နိုင်ငံတော်က နန်းတော် ကို ပြာပုံဘဝ ပို့ပေးခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရသင့်တယ်။ ဒီနေ့ ရမ္မာဝတီ အရှင်ပညာစာရ စုဆောင်းထားတဲ့ရှေးဟောင်း အမွေအနှစ်တွေဟာ ရခိုင်တွေရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေ၊ ရခိုင်လူမျိုးတွေရဲ့ သွေးသား တွေပါ။ လူမျိုးတစ်မျိုးအတွက် ရှေးဟောင်း အမွေအနှစ်ဆိုတာ သိပ်အရေးကြီးတယ်။ ၁၇၈၄ တုန်းက ဖျက်ဆီးတန် ဖျက်ဆီး၊ ယူတန်ယူပြီး ဒီနေ့အချိန်ထိ ကျန်နေသေးတဲ့ ရခိုင့်အမွေအနှစ်တွေကို သွေးအေးအေးနဲ့ ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ သတင်းမီဒီယာတွေပေါ် မရောက်ခဲ့တာတွေရှိတယ်။ သမိုင်း အမွေအနှစ်ဆိုတာ ဇာတိမာန်ကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ဇာတိမာန် ပြန်လည် မရှင်သန်လာရအောင် ဟိုးကတည်းက လုပ်ခဲ့သလို ကျန်နေသေးတဲ့ သမိုင်းအမွေအနှစ် တွေကိုလည်း အခါအခွင့်သင့်ရင် သင့်သလိုဖျက်ဆီးခံခဲ့ရသလို ယနေ့လည်း ဖျက်ဆီးခံနေရတယ်။ ဆိုတော့ အရှင်ပညာစာရရဲ့စုဆောင်းထားတဲ့ ရခိုင့်ရှေးဟောင်း ပေစာ၊ ရခိုင်ဒင်္ဂါး စတဲ့ သမိုင်းဆိုင်ရာအမွေအနှစ်တွေဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ အမွေအနှစ်တွေ ဖြစ်တယ်ဆိုတဲ့အသိနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုအပ်တယ်။ အမျိုးသီလ နှစ်ဌာနနဲ့သန္ဓေတည်လာတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ တမျိုးသားလုံးကို စိန်ခေါ်သလိုဖြစ်နေတဲ့ ဒီကိစ္စကို လက်ပိုက် ကြည့်မနေသင့်ပါ ။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အနေနဲ့ ဦးဆောင်ပြီးဒီထက် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုအပ်တယ်။ ဒီပါတီရဲ့ လုပ်ရပ်ကိုအားပေး ထောက်ခံတယ်။ သေချာတာ တစ်ခုက အမျိုးသားရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးထက် အရေးကြီးတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ဂျပန်) ဌာနခွဲရဲ့ လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ အခြားသော ရခိုင်နိုင်ငံရေးပါတီများ၊ နိုင်ငံရေး မဟုတ်သောအဖွဲ့အစည်းများ အနေနဲ့လည်း သီးခြားသော် လည်းကောင်း၊ စုပေါင်း၍သော် လည်းကောင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

မိဘမဲ့ ရခိုင်လူမျိုး ကလေးငယ်တွေကိစ္စကို လုပ်ဆောင်ချက်ကလည်း တကယ့်ကြေကွဲစရာဖြစ်တယ်။ ရခိုင်လူထုတွေက တာဝန်ယူနေပါလျှက် မြန်မာ (ဗမာ) ပြည်ကိုပို့လိုက်ခြင်းကလည်း ရခိုင်တွေရဲ့ သွေးသားထဲက အမျိုးသီလ နှစ်ဌာနကို စိန်ခေါ်လိုက်တာ ဖြစ်တယ်။ ဒီကလေးတွေ ဘာဖြစ်သွားမလဲ။

ဒီကိစ္စက ရခိုင်လူမျိုးတွေ တကယ့် မလိုလားအပ်တဲ့ကိစ္စ တစ်ခုပါ။ တရားလိုတွေ စွပ်စွဲပြောဆိုသလို သမိုင်းသုတေသီ ရမ္မာဝတီ အရှင်ပညာစာရ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ရှေးဟောင်း ရခိုင်ပေစာ၊ ဒင်္ဂါးစတဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို သိမ်းစရာမလို၊ ထို့အတူ မိဘမဲ့ ရခိုင်ကလေးငယ်တွေကိုတာဝန်ဆက်ယူမည့် စစ်တွေမြို့ရှိ ရပ်မိရပ်ဖများကို မလွှဲအပ်လိုက်ပဲ မြန်မာ(ဗမာ) ပြည်ကို အတင်းအကြပ်ပို့စရာမလို။ ကျောင်းကိုချိတ်ပိတ်စရာမလို။ ယခုကဲ့သို့ မလိုအပ်သည့် အရာတွေကိုပါ လုပ်ဆောင်လာခြင်းဟာ ရခိုင်တမျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ တနည်းအားဖြင့် အရှင်နာဂိန္ဒ မော်ကွန်းကို စိန်ခေါ် လိုက်တာဖြစ်တယ်။

(အင်တာနက်မှ ကူးယူဖေါ်ပြသည်။)