ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာကို လက်မှတ်ထိုးသူကိုယ်တိုင် အပြည့်အ၀ လက်မခံနိုင်
ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ စုပေါင်းပြီး  သြဂုတ်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန် လိုက်သည့် “ငြိမ်းချမ်းရေး  လိုလားသူများအတွက်”ဟူသော အိတ်ဖွင့်ပေးစာတွင် လက်မခံနိုင်သည့် အချက်များ  ရှိနေကြောင်း ကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်ထားသော ချင်းပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်က ပြောဆိုလိုက်သည်။
ယနေ့ထုတ်  အစိုးရ သတင်းစာများတွင် ဖော်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်၂၃ ဦး  စုပေါင်းထုတ်ပြန်လိုက်သော အဆိုပါ အိတ်ဖွင့်ပေးစာတွင် မြန်မာအစိုးရ အဆက်ဆက်၏  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မအောင်မြင်ရသည့်အကြောင်းမှာ ကျန် တ  ဖက်ဖက်က သံသယ လွန်ကဲခြင်း၊ အစွန်း ရောက်ခြင်း၊ ဘေးပယောဂ ၀င်ရောက်  နှောင့်ယှက်ခြင်း၊ ကတိ ပျက်ကွက်ခြင်း နှင့် အကြမ်းဖက်မှုများ  ပါဝင်ခဲ့ခြင်းကြောင့်ဟု ရေးသားထားသည့်အချက်ကို လက်မခံကြောင်း ကိုယ်တိုင်  ပါဝင်လက်မှတ်ရေးထိုးခဲ့သော ချင်း အမျိုးသားပါတီ ၏ ဟားခါးမြို့ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးငွန်မောင်းက ပြောသည်။
“တိုင်းရင်းသားတွေကိုပဲ  အပြစ်တင်တဲ့သဘောမျိုးက လုံးဝလက်မခံနိုင်ဘူး၊ အခုဟာက အစပိုင်းပဲဆိုတော့  လမ်းဖွင့်လာမယ့် အနေ နဲ့ ဒီဘက်က လိုလားတဲ့ အချက်အလက်တွေလည်း ပါအောင်၊  လမ်းမြန်မြန် ပွင့်လာဖို့အတွက်ဆိုပြီး ကျနော်တို့လည်း လက်မှတ် ထိုး  တာပါ’’ဟု ဦးငွန်မောင်း က ပြောဆိုသည်။
ယခုအိတ်ဖွင့်ပေးစာအတွက်  ပါတီကိုယ်စားပြုအနေဖြင့် လက်မှတ်ရေးထိုးခြင်း မဟုတ်ဘဲ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် တဦး အနေဖြင့်သာ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးငွန်မောင်း က  ဆိုသည်။
ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘခ်ထောင်း ကလည်း တဖက်စောင်းနင်းပြောဆိုမှုများကို လက်မခံနိုင်ဟု ပြောသည်။
“တဖက်စောင်းနင်းပြီး  ရေးသားပြောဆိုတာမျိုးဆိုရင်တော့ ကျနော်တို့ အနေနဲ့ လုံးဝလက်မခံပါဘူး၊  ဒီအချိန်မှာ တဖက်ကပဲ မှားတယ်၊ တဖက်ကပဲမှန်တယ် ဆိုတဲ့ ပုံစံမျိုးကို  ကန့်ကွက်တယ်’’ဟု သူက ပြောဆိုသည်။
အိတ်ဖွင့်ပေးစာတွင်  စိတ်ထား၊ စေတနာမှန်ကန်စွာဖြင့် ဒေသအကျိုး၊ နိုင်ငံတော်အကျိုး၊  ပြည်သူ့အကျိုးကို တကယ် လိုလားပြီး တကယ်ဆောင်ရွက်ခဲ့ကြသော လက်နက်ကိုင်  ငြိမ်းချမ်းရေး အဖွဲ့များသည် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ကြသည်ကို  တွေ့မြင်ရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့်  ငြိမ်းချမ်းရေးရယူလိုလျှင် ပြည်ထောင်စုကြီး တခုလုံး၏ အကျိုးစီးပွားကိုသာ  ရှေးရှု၍ စိတ်စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှု အမှန်များဖြင့်  ဆောင်ရွက်ကြပါရန် နှင့် စစ်ပွဲများမရှိတော့သော်လည်း ပြည်ထောင်စုကြီး  ပြိုကွဲချည့်နဲ့ သွားမည့် အန္တရာယ်မျိုးကို ရှောင်ရှားကြရန်  အလေးအနက်ထားတိုက်တွန်းကြောင်း သတင်းစာ၌ ဖော်ပြထားသည်။
အဆိုပါ  အိတ်ဖွင့်ပေးစာ မူရင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၈၊ ၇၊၂၀၁၁  ရက်စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွန်း လျက်ဟု ဖော်ပြထားသော်လည်း  မြန်မာ့အလင်းသတင်းစာတွင်မူ ယင်း စာကြောင်းကို ဖော်ပြထားခြင်းမရှိပေ။
ပြည်တွင်းငြိမ်းချမ်းရေးအတွက်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇူလိုင်၂၈  ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေး အဖွဲ့၊ ကရင်အမျိုးသား  အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည် တပ်မတော် များသို့  အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး “အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်များကို ပံ့ပိုးရန်အတွက် ကျမအနေဖြင့် ကိုယ်စွမ်းရှိသမျှ  ပါဝင်ကြိုးပမ်းရန် အသင့်ရှိနေပါသည်”ဟုလည်း ယင်းစာတွင် ရေးသားထားသည်။
ယနေ့သတင်းစာပါ  အိတ်ဖွင့်ပေးစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးဆောင်စီ၊  ဦးစောနေကော်ကြီး၊ ဦး ခွန် မောင်သောင်း၊ ဦးငွန်မောင်း၊  ဦးစောသိန်းအောင်၊ ဦးမန်းမောင်မောင်ဉာဏ်၊ ဒေါက်တာသန်းဝင်း၊  ဦးစိုင်းသီဟကျော်၊ ဒေါ်မိယဉ်ချမ်း၊ ဒေါ်နန်းဝါနု၊ ဒေါ်ဒွဲဘူ၊ ဒေါ်နန်းနွံ၊  ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ဦးသူရိန်ဇော်၊  ဦးဝင်းစိန်၊ ဦးတီခွန်မြတ်၊  ဦးမောင်တိုး၊ ဦးလှမြင့်ဦး၊ ဦးသန်းမြင့် နှင့် အမျိုးသားလွှတ်တော်  ကိုယ်စားလှယ်များဖြစ်ကြသော ဦးစခုန်တိန့်ယိန်း၊ ဦးနေ၀င်းထွန်း၊  ဦးမန်းအောင်တင်မြင့် စသည်တို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment